Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Wednesday, May 21, 2014

ဝန်ကြီးချုပ် နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်း ဒီမိုကရေစီ


သက်ဆင်ရှင်နာဝပ်, ယင့်လပ်ခ်ရှင်နာဝပ်,  ထိုင်းနိုင်ငံရေး, ထိုင်းရတ်ထိုင်း, ဖွေထိုင်း, PPP ပါတီ, ထိုင်းစစ်တပ်, အာဏာသိမ်းခြင်း, Military Coup, Judicial Coup, Thailand
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ယင့်လတ် တို့ကို ထောက်ခံ ဆန္ဒပြပွဲ တခု(ဓာတ်ပုံ – Reuters)
ထိုင်းနိုင်ငံရေး လောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား သက်ဆင်ရှင်နာဝပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူး ကနေ ဆင်းပေးလိုက် ရ ပြန်ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံရေး ပြဿနာ ပိုကောင်းသွားမယ် လို့တော့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။
သက်ဆင်ရဲ့ နှမ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကို အာဏာအလွဲသုံးစားမှုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ရာထူးကနေ ဖယ်ရှားလိုက်တယ်။
၂၀၁၁ ခုနှစ်မှာ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူးကနေ ဖယ်ရှား၊ ရဲချုပ် တာဝန် ယူနေသူနဲ့ အစားထိုး၊ လစ်လပ်သွားတဲ့ ရဲချုပ်နေရာမှာ သက်ဆင်ရဲ့ ယောက်ဖ (ဟောင်း) တယောက်ကို တာဝန်ပေးတဲ့ ကိစ္စကို အာဏာအလွဲသုံးစားမှု လို့ ခုံရုံး တရားသူကြီးတွေက ကောက်ချက်ချ ပါတယ်။ ထိုင်းနိုင်ငံရေး လောကမှာ ဒီလို ကိစ္စမျိုးက မဆန်းပေမယ့် ယင့်လတ် ထွက်ရပ်လမ်း အတွက် တော့  လုံလောက်သွားပါတယ်။
နောက်ကြောင်း ပြန်ကြည့်ရင် လက်ရှိ နိုင်ငံရေး အဆိုးကျော့ သံသရာ စတင်ခဲ့ကတည်းက ဒီလို အဖြစ်အပျက်တွေ အတော်များ ပါတယ်။ ၂၀ဝ၆ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက် ပါတီက သပိတ်မှောက်ခဲ့တယ်။ ယင့်လတ်ရဲ့ အစ်ကို သက်ဆင်ရှင် နာဝပ် ခေါင်းဆောင်တဲ့ ထိုင်းရတ်ထိုင်း (ထိုင်းက ထိုင်းကိုချစ်) ပါတီက ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရ ခဲ့တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင်ဘူး ဆိုပြီး ပယ်ဖျက်ခဲ့တယ်။
ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ပြင်နေတုန်းမှာ စစ်တပ်က အာဏာ သိမ်းလိုက်တယ်။ ဝန်ကြီးချုပ် သက်ဆင် ပြည်ပြေးဘဝ ရောက် ခဲ့ ရတယ်။ အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး အသစ်က သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်း ပါတီကို ၂၀ဝ၆ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ ဖျက်သိမ်း လိုက်တယ်။ သက်ဆင်နဲ့ အမတ် ၁၁၁ ယောက်ကိုလည်း နိုင်ငံရေး လုပ်ခွင့် ပိတ်ပင်ခဲ့တယ်။
ထိုင်းရတ်ထိုင်း ပါတီက ခေါင်းဆောင်တွေနဲ့ ပြည်သူ့အင်အား ပါတီ (PPP)ကို ဖွဲ့စည်းပြီး ၂၀ဝ၇ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့ အနိုင်ရ ပြန်တယ်။ ဒါပေမယ့် ၂၀ဝ၈ ခုနှစ်ထဲမှာ ဝန်ကြီးချုပ် ဆမတ် ဆန်ဒြာဗက် ကိုလည်း ဖွဲ့စည်းပုံ ခုံရုံးကပဲ ဖြုတ်ချခဲ့ပြန်တယ်။ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားတဲ့ အချိန်မှာ ရုပ်သံလိုင်းတခုမှာ ဟင်းချက် အစီအစဉ် တင်ဆက်မှု (Cooking Show) အတွက် အခကြေးငွေ ယူတယ် ဆိုပြီး ဖြုတ်ချခဲ့တယ်။ PPP ပါတီကိုလည်း မဲမသမာမှုနဲ့ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ဖျက်သိမ်း လိုက် ပြန်တယ်။
သက်ဆင် ဂိုဏ်းသားတွေ ရာထူးလက်လွှတ် ခဲ့ရပြီး ဒီမိုကရက်ပါတီက လွှတ်တော်အတွင်းက ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး နောက်ထပ် နှစ်နှစ်ခွဲလောက် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ၂၀၁၀ မှာ သက်ဆင် ထောက်ခံတဲ့ ရှပ်နီ ဆန္ဒပြသမားတွေကို စစ်တပ် က နှိမ်နင်းခဲ့တာ အနည်းဆုံး လူ ၉၀ ဝန်းကျင် သေဆုံးခဲ့တယ်။
PPP ဖျက်သိမ်း လိုက်ရတဲ့ နောက် သက်ဆင်ရဲ့ လူတွေနဲ့ အသစ်ဖွဲ့လိုက်တဲ့ ဖုယာ့ထိုင်း ပါတီ(Pheu Thai Party)က “သက်ဆင်က တွေးခေါ်၊ ဖုယာ့ထိုင်းက ဆောင်ရွက်” ရွေးကောက်ပွဲ ကြွေးကြော်သံကိုသုံးပြီး သက်ဆင်နှမ ယင့်လတ်ကိုရှေ့ထုတ်ပြီး ရွေးကောက် ပွဲမှာ ဝင်ပြိုင်တော့လည်း တခဲနက် အနိုင်ရပြန်ပါတယ်။ ၂၀၁၁ ခုနှစ် ဩဂုတ်မှာ ယင့်လတ် ဝန်ကြီးချုပ် ဖြစ်လာတယ်။ အခြေအနေ တွေ ပြန်လည် တည်ငြိမ်နေရာက သက်ဆင် အတွက် လွတ်ငြိမ်းချမ်းသာခွင့် အကျုံးဝင်စေမယ့် ဥပဒေမူကြမ်းကို အကြောင်းပြုလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ်။
ဝန်ကြီးချုပ် ယင့်လတ်က ပါလီမန်ကို ဖျက်သိမ်းပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဒီမိုကရက် ပါတီက သပိတ်မှောက်တယ်။ ဆန္ဒပြသမားတွေကြောင့် တချို့ မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ဘူး။ တရက်တည်းနဲ့ ရွေးကောက်ပွဲကို အပြီးအပြတ် မကျင်းပနိုင်လို့ ဆိုပြီး ဖွဲ့စည်းပုံ ခုံရုံးက ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင်ကြောင်း ကြေညာတယ်။
နောက်တကြိမ် ရွေးကောက်ပွဲကို ဇူလိုင်လမှာ ကျင်းပဖို့ စီစဉ်နေတဲ့ အချိန်မှာ အာဏာ အလွဲသုံးစားမှုနဲ့ ဝန်ကြီးချုပ် ယင့်လတ်ကို ဖွဲ့စည်းပုံ ခုံရုံးကပဲ ရာထူးကနေ ဖယ်ရှားလိုက် ပြန်တယ်။ နောက် တရက်မှာပဲ နိုင်ငံတော် စပါးဝယ်ယူရေး ကိစ္စမှာ တာဝန်ပျက် ကွက် တယ် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ်တယ်။ ယင့်လတ်ကိုလည်း နိုင်ငံရေး လုပ်ခွင့် ငါးနှစ် ပိတ်ပင် ခံရနိုင်တယ်။
ဒါက အခုအထိ ဖြစ်စဉ် အကျဉ်းချုပ် ဖြစ်ပါတယ်။
ပြန်ချုပ်ရရင် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီမိုကရက်ပါတီက နှစ်ကြိမ် သပိတ်မှောက် ခဲ့တယ်။ ရွေးကောက်ပွဲတိုင်းလည်း သက်ဆင်အနွယ်တွေပဲ အနိုင်ရတယ်။ ၂၀ဝ၆ ခုနှစ်မှာ စစ်တပ်က တကြိမ် အာဏာသိမ်းတာ က လွဲလို့ ဖွဲ့စည်းပုံခုံရုံး အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲ ရလဒ်တွေ၊ အစိုးရ အဖွဲ့တွေ၊ သက်ဆင်အနွယ် ပါတီတွေ ပြိုလဲကုန်တယ်။
စစ်တပ် အာဏာသိမ်းမှု(Military Coup) နဲ့ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံရေးဟာ အခုအခါမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး အာဏာ သိမ်းမှု (Judicial Coup) လို့ ပြောစမှတ် တွင်လာတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှာ တရားသူကြီး ၉ ယောက်ရှိတယ်။ ကနဦး ရွေးချယ်တဲ့ အဆင့်မှာ ၅ ယောက်ကို တရားရေး ဌာနနှစ်ခုက ရွေးချယ်ပြီး၊ လေးယောက်ကို တရားရေး ဌာန အကြီးအကဲ တွေနဲ့ အောက်လွှတ်တော်က ဥက္ကဋ္ဌနဲ့ အောက်လွှတ်တော် အတိုက်အခံ ခေါင်းဆောင်တို့ ပါတဲ့ ဘုတ်အဖွဲ့က ရွေးချယ်ရ ပါတယ်၊ အားလုံးကို အထက်လွှတ်တော်က အတည်ပြုပြီးရင် ဘုရင်က နောက်ဆုံး ခန့်အပ်ပါတယ်။ အထက်လွှတ်တော်မှာ အမတ် ထက် ဝက်ကို တရားသူကြီးတွေနဲ့ အရပ်ဘက် အရာရှိတွေက ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိစနစ်အရ ဖွဲ့စည်းပုံ ခုံရုံးဟာ နိုင်ငံရေး ပါတီတွေရဲ့ ဩဇာလွှမ်းမိုးနိုင်ဖို့ တော်တော် မလွယ်ပါဘူး။ ဩဇာ လွှမ်းမိုး နိုင်ဖို့ ဖုယာ့ထိုင်း ပါတီက ကြိုးစားခဲ့သေးတယ်။ အထက်လွှတ်တော် ကိုလည်း အောက်လွှတ်တော် နည်းတူ ရွေးချယ်ဖို့ မူကြမ်း တင်တာကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပယ်ချခဲ့တယ်။
ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဟာ နိုင်ငံရေး ပါတီတွေနဲ့ အစိုးရကိုထိန်းကျောင်းတဲ့ ဩဇာကြီးတဲ့ အင်စတီကျူးရှင်း အနေနဲ့ပဲ ထီးထီးကြီး ရှိနေပါဦးမယ်။ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ပြောရင် ပိုမှန်ပါမယ်။
အခုနောက်ဆုံး ယင့်လတ်ကို စီရင်ချက် ချပြီးတဲ့ အချိန်မှာ ဖွဲ့စည်းပုံခုံရုံး တရားသူကြီး ၉ ယောက်ထဲက တယောက်ဖြစ်တဲ့ ဆူပေါ့ကိုင်မွခ် ပေးလိုက်တဲ့ မှတ်ချက်က မှတ်သားဖို့ ကောင်းတယ်။
“ထိုင်း ဒီမိုကရေစီစနစ်မှာ အများစုကို စံနှုန်းတွေကို ပြဋ္ဌာန်းခွင့်ပြုထားတယ်။ ဒါပေမယ့် အများစုက အာဏာကို အလွဲသုံးစားလုပ်ပြီး ကြောင်းကျိုး မဆင်ခြင်ဘဲ အနည်းစုကို ဖိနှိပ်ရင်တော့ အများစုရဲ့ တရားဝင်မှုလည်း ဆုံးရှုံးမယ်။ ဒါကို ဒီမိုကရေစီလို့ ခေါ်လို့ မရ ဘူး။ လူများအစု ဗိုလ်ကျ စိုးမိုးမှု စနစ် ဖြစ်သွားလိမ့်မယ်”လို့ ဆိုတယ်။
သက်ဆင်တို့ မောင်နှမကို ထောက်ခံသူတွေ (ရှပ်နီ) ဘက်က ကြည့်ရင်တော့ တရားစီရင်ရေး စနစ်က ဘက်လိုက်တယ်ပေါ့၊ တရား စီရင်ရေး စနစ်ကို မယုံကြည်ကြတော့ဘူး။ စစ်တပ်ကိုလည်း မယုံတော့ဘူး။ ဒီလိုပဲ သက်ဆင်တို့ မောင်နှမကို ဆန့်ကျင်သူတွေက ရဲတပ်ဖွဲ့ကို မယုံဘူး။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကိုလည်း မယုံတော့ဘူး။ ပြည်သူတွေ အချင်းချင်းလည်း မယုံတော့ဘူး။ တရားသူကြီး အိမ်မှာ ဗုံးကွဲတယ်။ ဆန္ဒပြပွဲတွေ အတွင်းမှာ ဗုံးကွဲတယ်။ ခြောက်လအတွင်း ချောင်းမြောင်း ပစ်ခတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ် မှု၊ အဓိကရုဏ်းတွေကြောင့် လူ ၂၀ လောက် သေဆုံးခဲ့ရတယ်။
ထိုင်းနိုင်ငံရေးကို နောက်ကြောင်း ခြေရာ ပြန်ကောက်ရင် ဒီမိုကရေစီ တည်ဆောက်ရေး သင်ခန်းစာ ယူစရာတွေ ရှိပါတယ်။ မျက် မှောက်ခေတ် ထိုင်းနိုင်ငံရေးမှာ အရေးကြီးတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၁၉၉၂ ဖြစ်ပါတယ်။ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြပြီး စစ် အစိုးရကို ဖြုတ်ချခဲ့ကြတယ်။ စစ်အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့တယ်။ ဖွဲ့စည်းပုံ ကလည်း ဒီမိုကရေစီ အခွင့်အရေးကို တိုးပြီး အာမခံလာတယ်။ ထိုင်းစီးပွားရေး ကလည်း တော်တော်မြင့်မားတဲ့ နှုန်းနဲ့ တိုးတက် ခဲ့တယ်။ လူလတ်တန်းစားတွေ ကြီးထွားလာခဲ့တယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေ အားကောင်းခဲ့တယ်။ မီဒီယာတွေ အား ကောင်း ခဲ့တယ်။
ဒီလိုနဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေက ဒီမိုကရေစီ အရေးတော်ပုံ လမ်းကြောင်း ဖြောင့်ဖြူးသွားပြီလို့ ယူဆပြီးတော့ လုပ်လက်စ တွေကို ရပ်လိုက်ကြတယ်။ အစိုးရကို စောင့်ကြည့် ထိန်းကျောင်းနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်သိမ်းလိုက်ကြ တယ်။ မီဒီယာတွေကို ရပ်နားလိုက်ကြတယ်။ ဒါက ကြီးမားတဲ့ အမှားဖြစ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေး သမားတွေက အချိန်မတန်ခင်မှာ လုပ်လက်စ အလုပ်တွေကို ရပ်လိုက်တဲ့ အချိန်မှာပဲ စီးပွားရေးသမားကြီး သက်ဆင်က နိုင်ငံရေး လောကထဲ ကို ဝင်လာခဲ့တယ်။
ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အားနည်း နေတာကို အခွင့်ကောင်းယူတယ်။ ငွေကြေးအင်အားနဲ့ နိုင်ငံရေးသမားတွေကို ဝယ် တယ်။ တရားစီရင်ရေး စနစ်ကိုလည်း ဝယ်ပစ်လိုက်တယ်။ တချိန်တည်းမှာ တိုင်းပြည်ထဲမှာ လူအများစု ဖြစ်တဲ့ ဆင်းရဲသားတွေ စည်းရုံးတဲ့ ဈေးပေါတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၊ ချေးငွေတွေကို ထုတ်ပေးတယ်။ သက်ဆင်ခေတ် မတိုင်ခင်မှာ မြို့ပေါ် နိုင်ငံရေးသမားတွေဟာ တောနေ ဆင်းရဲသားတွေကို မေ့လျော့ နေခဲ့ကြတယ်။ ဆင်းရဲသားတွေက သက်ဆင်ကို အားကိုးလာကြ တယ်။ ဒါပေမယ့် ၂၀ဝ၁ ခုနှစ်မှာ အာဏာရလာတဲ့ အချိန်ကစလို့ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဒီမိုကရေ စီစနစ်ကို အခြေခိုင် အောင် တည်ဆောက်သူမဖြစ်လာဘဲ ရွေးကောက်ခံ အာဏာရှင်ဆန်ဆန် ဖြစ်လာခဲ့တယ်။ မီဒီယာတွေကို ပိုပြီး ဖိနှိပ်တယ်။ လွတ် လပ် တဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေကို ဖိနှိပ်တယ်။
ဒီလိုနဲ့ ၂၀ဝ၆ ရွေးကောက်ပွဲ မှာလည်း တောနေဆင်းရဲသားတွေ ထောက်ခံမှုနဲ့ သက်ဆင် တကျော့ပြန် အနိုင်ရတော့ မြို့ပေါ် လူ လတ်တန်းစား တွေက ဆန္ဒပြကြတယ်။ နောက်ဆုံး စစ်တပ် အာဏာသိမ်းမှုဆီကို ဦးတည်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ထိုင်း ဒီမိုကရေစီဟာ နောက်ကြောင်းပြန် သွားခဲ့ပါတယ်။ ရွေးကောက်ပွဲ ဘယ်နှကြိမ်ပဲ လုပ်ခဲ့လုပ်ခဲ့ ရှေ့ခရီး မဆက်နိုင်တော့ဘဲ ဒုံရင်း ပြန်ဆိုက်နေတယ်။ သွေးကွဲမှုက အချိန်ကြာလေ နက်ရှိုင်းလေ ဖြစ်လို့ အဆိုး သံသရာကနေ ရုန်းထွက်ဖို့ မလွယ်သေးပါဘူး။
ထိုင်းကပေးတဲ့ သင်ခန်းစာက ဒီမိုကရေစီ တိုက်ပွဲက ထင်သလောက် မလွယ်ဘူး။ စစ်အစိုးရ မရှိတော့တာနဲ့ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးသွားမယ်လို့ မျှော်လင့်ရင် အမှားကြီး မှားပါလိမ့်မယ်။ အောက်ခြေလူထု အထိ ဒီမိုကရေစီ အုတ်မြစ် မချနိုင်သေး ခင်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမားတွေက လုပ်လက်စတွေ ရပ်ပစ်လိုက်ရင် နောက်ကျတော့မှ အစကနေ ပြန်စရပါလိမ့် မယ်။
လူတယောက်တည်းကို ပြုပြင်ပြောင်းလဲရေးသမားဆိုပြီး ပုံအပ်မိရင် အသက်သွေးချွေးနဲ့ တည်ဆောက်ထားသမျှ ငါးပါး မှောက်သွားနိုင်ပါတယ်။ ဒီမိုကရေစီ သမင်လေးကို လမ်းဝက်မှာ ဖြတ်အုပ်မယ့် ကျားငစဉ်းလဲတွေက မူယာမာယာ အလွန်များ တတ်ပါတယ်။ ရုပ်ပြောင်းရုပ်လွှဲလည်း အလွန်တော်ပါတယ်။     ။

0 comments:

Post a Comment