Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Thursday, July 3, 2014

ဦးဆန်းဆင့်က ဘဏ္ဍာငွေ အလွဲသုံးစား မလုပ်ခဲ့ကြောင်း သစ္စာဆိုဝံ့ ဟုဆို


ဦးဆန်းဆင့်ဟာ ယနေ့ နံနက် ၁၀း၃၀ ၀န်းကျင်က နေပြည်တော် ပုဗ္ပသီရိ တရားရုံးမှာ ရမန်လာယူပါတယ်။

ရမန်ယူပြီးနောက် ဦးဆန်းဆင့်က မီဒီယာတွေကို ပြောကြားရာမှာ နိုင်ငံတော်က စွဲဆိုထားတဲ့ ဘဏ္ဍာငွေ အလွဲသုံးစားကို မလုပ်ခဲ့တာ သစ္စာဆိုဝံ့ ကြောင်း၊ ရပ်တည်ချက် မှန်ကန်ပေမယ့် သမ္မတအမိန့် ကိုမနာခံဘူး ဆိုတဲ့ သဘောနဲ့ လုပ်တာဖြစ်ကြောင်း၊ ဖြစ်ပြီးတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်ကို အရေးယူမယ် လုပ်တာဟာ အလွန်ပဲ မတရားလုပ်တယ်လို့ သုံးသပ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် သာသနာရေးက ဆရာတော်တွေကို စစ်ဆေးတဲ့ အခါ မှန်မှန်ကန်ကန် ရပ်တည်ပေးမယ်လို့ ထင်မြင်ကြောင်းလည်း ပြောခဲ့ပါတယ်။

ရုံးချိန်းကို ဇူလိုင်၁၇ ရက်နေ့ သတ်မှတ်လိုက်ပါတယ်။

Author ချိုဇင်မာဝင့်

Kumudra

Wednesday, July 2, 2014

အမျိုးသားရေးဝါဒီ သီတဂူဆရာတော် နှင့် လူ့အခွင့်အရေးဝါဒီ ဒေါ်အောင်ဆန်းစုကြည်


••••••••••••••••••••••
လူ့အခွင့်အရေးဆိုတာ ဥပဒေ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ ချုပ်ကိုင်လို့ မရဘူး။
သူတို့မကြိုက်ရင်တော့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး အော်မှာပဲ။ ကြိုက်သလောက် အော်ပါစေ။ ငါတို့ကတော့ မြန်မာ့တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။
ဒါကြောင့် “အမျိုးသားရေးဝါဒ” ကို ဆုပ်ကိုင်ထားရမယ်၊ အမျိုးသားရေးဝါဒဆိုတာ အကုသိုလ်တစ်ခုမှ မပါဘူး၊ လုပ်ကိုလုပ်ရမယ်။
( သီတဂူဆရာတော် )
----- ----- -----
ဖြစ်ရပ် (၁)
----- ----- -----
မလေးရှားနိုင်ငံမှာ မွတ်စလင်ကုလားများက မြန်မာလူမျိုးများကို ရက်ရက် စက်စက် နှိပ်စက်နေသော ကြောင့် မြန်မာအများစု ဒုက္ခရောက်နေ၏။ ထိုမွတ်စလင်ကုလားများသည် မြန်မာပြည်က သွားသည့် မွတ်စလင်များ ဖြစ်၏။ မလေးရှားနိုင်ငံသည် မွတ်စလင်နိုင်ငံဖြစ်သောကြောင့် မွတ်စလင်ကုလားများအတွက် သူတို့ပိုင်နက်နယ်မြေလို ဖြစ်နေ၏။
သူတို့၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် မြန်မာလူမျိုးများသည် ဆေးရုံရောက်တဲ့သူက ရောက်၊ သေတဲ့လူက သေနေကြ၏။ ဒါကြောင့် မှော်ဘီသံဃာ့ ညီလာခံကြီးက ၀မ်းနည်းကြောင်း ကြေငြာထုတ်ပြန်ခဲ့ပါသည်။
ဒုက္ခရောက်နေသည့် မြန်မာများကို ကယ်တင်ဖို့အတွက် သီတဂူဆရာတော်ဘုရားကြီးကတော့ ယခု ဇွန် ၂၄-ရက်နေ့ကပဲ မလေးရှားကို ကိုယ်တိုင်ကြွရောက်တော်မူ၏။ အမိနိုင်ငံသို့ ပြန်ချင်သည့် မြန်မာများ အိမ်ပြန်နိုင်ဖို့အတွက် ဒေါ်လာများ သိန်းချီလှူဒါန်းခဲ့ပါသည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မလေးရှားနိုင်ငံမှာ
မြန်မာလူမျိုးများ ဒုက္ခရောက်နေ သည်ကို မသိဘူးလား၊ သိတယ်ဆိုရင်ကော ဘာဖြစ်လို့ မကူညီသလဲ၊ မကူညီနိုင်ဘူးဆိုရင်လည်း ၀မ်းနည်းကြောင်း စကားလေးတော့ ပြောသင့်ပါသည်။
ပါတီနာမည်ကတော့ “အမျိုးသားဒီမိုကရေစီ”တဲ့။ “မြန်မာ့အမျိုးသားအားလုံး အားကိုးရမည့် ဒီမိုကရေစီ”ဆိုတဲ့ အဓိပ္ပါယ်နှင့် မှည့်ထားဟန်တူ၏။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မလေးရှားကိစ္စကို ကြည့်မယ်ဆိုရင် အမျိုးသားရေးအတွက် တာဝန်မဲ့လွန်းလှသည်။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။
----- ----- -----
ဖြစ်ရပ် (၂)
----- ----- -----
ဟိုတနေ့က ဟိုလေးတကျော်ဖြစ်ခဲ့သည့် ကမ္ဘာကျော်တိုင်းမဂ္ဂဇင်းရဲ့ “ကမ္ဘာကျော်မုသာဝါဒသတင်း”။
ငြိမ်းချမ်းသော မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းသော မြန်မာလူမျိုးများကို “အကြမ်းဖက်သမားများနေတဲ့ အကြမ်းဖက်နိုင်ငံ” ဖြစ်အောင် တမင်ဖန်တီးခဲ့သည့် အဓမ္မစွပ်စွဲမှု။
ထိုကဲ့သို့ မတရားတဲ့လုပ်ရပ်ကို တိုင်းပြည်နှင့် လူမျိုးကို ချစ်ကြသည့် ရဟန်းရှင်လူပြည်သူများသည် အပြင်းအထန် ကန့်ကွက်ကြသည်။ အင်းစိန်သံဃာညီလာခံကြီးကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။ သီတဂူဆရာတော်ကလည်း သမိုင်းဆိုင်ရာ အချက်အလက်တွေ ပြောပြကာ အပြင်းအထန် ကန့်ကွက်လိုက်ပါသည်။
သတင်းစာအမျိုးမျိုး၊ စာစောင်အမျိုးမျိုး၊ ဂျာနယ်အမျိုးမျိုးတို့ကလည်း ကန့်ကွက်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီစသည့် ပါတီများကလည်း ကန့်ကွက်ခဲ့ကြသည်။ အမျိုးထိ မချိအောင် နာရမယ် မဟုတ်လား။ (ဤကား အမျိုးသားရေးဝါဒတည်း။)
ဒေါ်စုကြည်ကတော့ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ဗုဒ္ဓဘာသာ၏ပုံရိပ်ကို အရိပ်မည်းကြီး ဖြစ်အောင် စွပ်စွဲပုတ်ခတ်သည့် တိုင်းမဂ္ဂဇင်းကို မကန့်ကွက်ခဲ့ပါ။ မိမိ၏သားလေးကို ခွေးကိုက်နေပါလျက် ခွေးကို မရိုက်ဘူးဆိုရင် ထိုမိခင်သည် “မိခင်ကောင်းတစ်ယောက်” ဟု ဆိုနိုင်ပါဦးမည်လော။ လေးလေးနက်နက် စဉ်းစားစေချင်သည်။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။
----- ----- -----
ဖြစ်ရပ် (၃)
----- ----- -----
သီတဂူဆရာတော်သည် အင်းစိန်သံဃာ့ညီလာခံကြီး၌ မွတ်စလင်နှင့် ပတ်သက်၍ မိန့််ကြားတော်မူ ခဲ့သည်။ ပုဂံခေတ်က အစ္စလာမ်ဘာသာဝင် ဗျဝိ ဗျတ္တဖြစ်စဉ်ကို နမူနာပြပြီး အိမ်ရှင်မြန်မာများက ဧည့်ဝတ်ကျေကြောင်း၊ ဧည့်သည် မွတ်စလင်တို့က ကျေးဇူး မသိကြောင်းကို ဟောကြားတော်မူခဲ့၏။
နောက်ဆုံးနိဂုံးချုပ်အနေဖြင့် မြန်မာက အိမ်ရှင်၊ ဘင်္ဂါလီမွတ်စလင်က ဧည့်သည်ဖြစ်သည့်အတွက် မွတ်စလင်များအနေဖြင့် အိမ်ရှင်မြန်မာများကို လေးစားဖို့လိုအပ်ကြောင်းကိုလည်း အားရပါးရ မြွက်ဟတော်မူခဲ့သည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ။)
ဒေါ်စုကြည်ကတော့ “ဘင်္ဂါလီမွတ်စလင်တွေကို ခွဲခြားဆက်ဆံတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲ”လို့ ပြောခဲ့ပါ၏။ ဆိုလိုတာက ဘင်္ဂါလီမွတ်စလင်လည်း လူပဲ၊ မြန်မာလည်း လူပဲပေါ့၊ ဒါကြောင့် တန်းတူအခွင့်အရေး ပေးသင့်တယ်လို့ ပြော လိုရင်းပါပဲ။
ရခိုင်ပြည်နယ်မှာ ယာယီကဒ်ဖြင့် နေထိုင်ခွင့်ပြုထားသော ဘင်္ဂါလီမွတ်စလင်များသည် မြန်မာနိုင်ငံသား မဟုတ်ပါ။ ခဏတဖြုတ်နေသည့် ဧည့်သည်ပါ။ မြန်မာ့တိုင်းရင်းသားများသာ အိမ်ရှင်မြန်မာနိုင်ငံသား ဖြစ်ပေသည်။
ဒါကို မျက်ကွက်ပြုပြီး ဘင်္ဂါလီမွတ်စလင်နှင့် မြန်မာ့တိုင်းရင်းသားများကို တန်းတူ အခွင့်အရေး ပေးရမယ်ဆိုတော့ မြန်မာနိုင်ငံထဲ ရောက်လာတဲ့ လူမှန်သမျှကို “နိုင်ငံသား ” ဖြစ်ခွင့် ပေးရတော့မလို ဖြစ်နေ၏။
ဒီလိုဆိုရင် မြန်မာနိုင်ငံသည် ဘာနိုင်ငံ ဖြစ်သွားမည်နည်း။ စဉ်းစဉ်းစားစား လုပ်သင့်ပါသည်။ တကယ်တော့ ဒေါ်စုသည် အိမ်ရှင် ဧည့်သည် မခွဲခြားတတ်ပါ။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။
----- ----- -----
ဖြစ်ရပ် (၄)
----- ----- -----
ဇွန် ၂၇-ရက်နေ့က အင်းစိန်သံဃာ့ညီလာခံကြီးကို အင်းစိန်အောင်ဆန်းတပ်ဦး မိုးကုတ်ရိပ်သာမှာ ကျင်းပခဲ့သည်။ ပြည်နယ်အသီးသီး၊ တိုင်းဒေသအသီးသီးမှ သံဃာ့ကိုယ်စားလှယ် ၁၅၀၀-ကျော် တက်ရောက်ခဲ့ပါသည်။
စာသင်တိုက်ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်များ၊ ဓမ္မကထိက ဆရာတော်ကြီးများက ဦးဆောင်၍ မျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့အတွက် အဓိထားပြီးဆွေးနွေးခဲ့ကြပါသည်။ အထူးအားဖြင့် အခွင့်အရေးဆုံးရှုံးနေကြသည့် မြန်မာ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် အမျိုးသမီး များကို အမျိုးသမီးအခွင့်အရေးများ ရရှိဖို့အတွက် ကြိုးစားတော်မူကြခြင်း ဖြစ်ပေသည်။
ထိုမျိုးစောင့်ဥပဒေကို သံဃာအားလုံး ထောက်ခံသည်။ တိပိဋကဆရာ တော် ၉-ပါးစလုံး လက်မှတ်ထိုးခဲ့ကြပါသည်။ အင်းစိန်ရွာမဆရာတော်၊ မိုးကောင်းဆရာတော်ကြီးကဲ့သို့သော သြ၀ါဒါစရိယဆရာတော်များလည်း လက်မှတ်ထိုးခဲ့ကြပါသည်။
သီတဂူဆရာတော်ကိုယ်တိုင်လည်း လက်မှတ်ထိုး၍ ထောက်ခံခဲ့ပါသည်။ အမျိုး ဘာသာသာသနာကို စောင့်ရှောက်ရုံတင် မကပဲ မိမိတို့ပိုင်နက်နယ်မြေ ဖြစ်တဲ့ မြေကြီးကိုလည်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့ပါသည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ။)
ဒေါ်စုကြည်ကတော့ “မျိုးစောင့်ဥပဒေ”ကို ရှုံ့ချခဲ့သည်။ ပြောနေကြစကားအတိုင်းပါပဲ။ “မျိုးစောင့်ဥပဒေဟာ လူ့အခွင့်အရေးနှင့် မကိုက်ညီဘူး”တဲ့။
မျိုးစောင့်ဥပဒေသည် အခြားဘာသာတို့မှာ ရှိသည်။ မိမိတို့ဗုဒ္ဓဘာသာဝင်မှာတော့ မရှိသေးပါ။ ထိုသို့မရှိသောကြောင့် တချို့အမျိုးသမီးများ ဘာသာခြားနှင့်လက်ထပ်သည့်အခါ သူတို့ဘာသာထဲသို့ သိမ်းသွင်းခံရတော့ သည်။ တချို့ ကံဆိုးသည့် အမျိုးသမီးများ ဘာသာခြားကုလားတို့၏ အနှိပ်စက် ခံရသည်။ ထို့ကြောင့် မျိုးစောင့်ဥပဒေ ရှိကိုရှိရမည်။
သို့ဖြစ်ရကား သီလ သမာဓိ ပညာနှင့် ပြည့်စုံကြသည့် ဆရာတ်ာကြီးများက မျိုးစောင့်ဥပဒေ ဖြစ်ပေါ်လာနိုင်ဖို့ ကြိုးစားတော်မူကြခြင်း ဖြစ်ပါသည်။
မျိုးစောင့်ဥပဒေသည် နိုင်ငံနှင့် လူမျိုး၊ ဘာသာနှင့်သာသနာကို ချစ်သူတိုင်း လက်ခံကြပါသည်။ ဒေါ်စုကြည်ကတော့ လက်မခံနိုင်ဘူးတဲ့။ ဘာ့ကြောင့်နည်း၊ အဖြေက ရှင်းနေပါ၏။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။
----- ----- -----
ဖြစ်ရပ် (၅)
----- ----- -----
လွန်ခဲ့သော ၁၀-ရက်လောက်က တောင်တွင်းကြီးကို ရောက်ခဲ့၏။ မိမိသည် စစ်ကိုင်းမှ သွားသောကြောင့် နတ်မောက်မြို့ကို ဖြတ်ပြီး တောင်တွင်းကြီးကို သွားခဲ့သည်။ နတ်မောက်ရောက်သောအခါ လွပ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင် ဆန်းကို သွားသတိရမိသည်။ ဗိုလ်ချုပ်သည် အမျိုးကို ထိလျှင် နည်းနည်းမှ မခံပါ။
ဗိုလ်ချုပ်ပြောသည့် မိန့်ခွန်းကို ကြားယောင်မိသည်။ “ရှင်းရှင်းပြောရမယ်ဆိုရင် ကုလားစတဲ့ နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလားဆိုပြီး ဆုံးဖြတ်ရန် လိုပါတယ်….. တစ်ချိန်တည်းမှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုး မဖြစ်နိုင်ပါ”။ (၂၀၊ ၀၁၊ ၁၉၄၆ -နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံမိန့်ခွန်း)။
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းကို ကောက်ချက်ချမည်ဆိုလျှင် “ကုလားဟာ နိုင်ငံခြားသားပဲ။ နိုင်ငံခြားသားဖြစ်သည့်အတွက် ရန်သူလိုနေမယ်ဆိုရင်တော့ အပြတ် အသတ် ချေမှုန်းပစ်မည်”ဟု သတိပေးခြင်းပင် ဖြစ်ပေသည်။ ဒါကိုကြည့်လျှင် ဗိုလ်ချုပ်ရဲ့ အမျိုးသားရေးဝါဒကို မှန်းဆနိုင်ပေသည်။
ဗိုလ်ချုပ်သည် အမြင်ရှင်း၏။ အပြော ပွင့်လင်း၏။ ဝေ့လည်ကြောင်ပ့တ် မလုပ်တတ်။ ထို့ကြောင့် ဗိုလ်ချုပ်ကို တတိုင်းပြည်လုံးက ချစ်ကြခြင်း ဖြစ်ပေသည်။
သီတဂူဆရာတော်သည် အမျိုးသားရေးဝါဒရှိသော ဗိုလ်ချုပ်ကို ဂုဏ်ပြုသောအားဖြင့် နတ်မောက်မြို့မှာ ဆေးရုံ ဆောက်ပေးခဲ့ပါသည်။ ဤကား မြို့သူမြို့သားများအားလုံး ကျန်းမာရေးအတွက် ဖြစ်သည်။ ပညာရေးအတွက်လည်း အထက်တန်းကျောင်းကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ)။
ဒေါ်စုကြည်သည် အခုချိန်မှာ ကမ္ဘာကျော် ပါတီခေါင်းဆောင် ဖြစ်၏။ တကမ္ဘာလုံးက စိတ်ဝင်စား၏။ ဆုတံဆိပ်ပေါင်း မြောက်မြားစွာကိုလည်း ရရှိခဲ့၏။ သူ့စကားတစ်ခွန်းသည် တစ်ကမ္ဘာလုံးကို ရိုက်ခတ်နိုင်စွမ်း ရှိပါ၏။
တကမ္ဘာလုံးက စိတ်ဝင်စားခြင်းခံရသော ဒေါ်စုကြည်သည် တကမ္ဘာလုံးကိုတော့ စိတ်ဝင်စားဟန်တူ၏။ သို့သော် ဖခင်ချက်မြှုပ် နတ်မောက်မြို့ကိုတော့ မေ့နေသလား မသိ။ ဘာ့ကြောင့်နည်း၊ နတ်မောက်မြို့အတွက် ဘာတစ်ခုမှ လုပ်မပေးသောကြောင့်တည်း။ နေနိုင်လှပါဘိ။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။
----- ----- ----- ----- -----
သီတဂူဆရာတော်ကတော့ ဤကဲ့သို့မိန့်ကြားတော်မူခဲ့သည်။
“လူ့အခွင့်အရေးဆိုတာ ဥပဒေ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ ချုပ်ကိုင်လို့ မရဘူး။ သူတို့မကြိုက်ရင်တော့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး အော်မှာပဲ။ ကြိုက်သလောက် အော်ပါစေ”။
“ ငါတို့ကတော့ မြန်မာ့တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။ ဒါကြောင့် “အမျိုးသားရေးဝါဒ” ကို ဆုပ်ကိုင်ထားရမယ်၊ အမျိုးသားရေးဝါဒဆိုတာ အကုသိုလ်တစ်ခုမှ မပါဘူး၊ လုပ်ကိုလုပ်ရမယ်”။
Credit : Ashin Dayweinda

တရားရင်ဆိုင်နေရသည့် ယူနတီဂျာနယ်မှ သတင်းထောက်များနှင့် အမှုဆောင်အရာရှိ ချုပ်တို့အား အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့မှ ဂုဏ်ထူးဆောင်မြို့သားဆု ပေးအပ်

လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် Freedom of Opinion and Expression နှင့် စပ်လျဉ်းပေးအပ်သော အီတလီနိုင်ငံ ဆာလာ ဘာဂန်ဇာမြို့၏ ဂုဏ်ထူးဆောင်မြို့သားဆုကို ယူနတီဂျာနယ် သတင်းထောက်လေးဦးနှင့်အမှုဆောင်အရာရှိချုပ်တို့ လက်ခံရယူကြရမည်ဖြစ်ကြောင်း တရားစွဲဆို ခံထားရသည့် သတင်းထောက် ကိုလူမော်နိုင်၏ဇနီးထံမှ သိရသည်။
လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟု ယူဆရသည့် အဆောက်အအုံကို မကွေးတိုင်း ပေါက်မြို့နယ်တွင် တည်ဆောက်ထားသည်ဟူသော သတင်းဖော်ပြချက်ကြောင့် အဆိုပါ သတင်းကို ရေးသားသူ ကိုလူမော်နိုင် အပါအဝင် သတင်းထောက်သုံးဦး၊ ဂျာနယ်၏အမှုဆောင် အရာရှိချုပ်တို့အား ယခုနှစ် ဖေဖော်ဝါရီလက ဖမ်းဆီး ထိန်း သိမ်း ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် ၎င်းတို့ ငါးဦးကို အီတလီနိုင်ငံမှ ဂုဏ်ထူးဆောင်မြို့သားဆုပေး အပ်ရန် ရွေး ချယ် ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့က အတည်ပြုကာ အီးမေးလ်မှတစ်ဆင့်အကြောင်းကြားစာပေးပို့လာခြင်းဖြစ်ကြောင်း ကိုလူမော်နိုင်၏ ဇနီးဖြစ်သူ မလွင် လွင်မြင့် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၁၉ ပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုခိုင်မာစွာရရှိစေရန်လုပ်ဆောင်ခဲ့သည့် အဆိုပါ ပုဂ္ဂိုလ်များ၏ လုပ်ဆောင်မှုများအတွက် အဆိုပါဂုဏ်ထူးဆောင်ဆုကို ပေးအပ်ခြင်းဖြစ်ကြောင်း ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ်စတီနာ မာယူစီက အကြောင်းကြားစာတွင် ထည့် သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးကမူ ယင်းသို့ ဆုပေးအပ်ခြင်းမှာ အီတလီနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ တရားရင် ဆိုင်နေရသည့် သ တင်းစာဆရာများကို အစိုးရမှ ထောင်ဒဏ်ချမှတ်ခြင်းမပြုစေရန်အတွက် ဝင်ရောက်ရပ်တည်ပေးခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
”သူတို့တတ်စွမ်းတဲ့ဘက်ကနေ ရပ်တည်ပေးတဲ့သဘောပါ။ နိုင်ငံတကာကတောင် ဒီလိုရပ်ပေးရင် ပြည်တွင်းက မီဒီယာသမားတွေ ပြည်သူတွေက ပိုပြီး ရပ် တည်ပေး သင့်ပါတယ်”ဟု ဆိုသည်။ အီတလီနိုင်ငံမြောက်ပိုင်း ဆာလာဘာဂန်ဇာမြို့တော်မှ ပေးအပ်မည့် အဆိုပါ ဂုဏ်ထူးဆောင်မြို့သားဆုတွင် အီတလီနိုင်ငံသို့ လာရောက် လည် ပတ်ခွင့်၊ အီတလီနိုင်ငံ၏အကြီးအကဲ ခေါင်းဆောင် ဆာလာဘာဂန်ဇာမြို့၏ မြို့တော်ဝန်တို့နှင့် တွေ့ဆုံညစာစားခွင့်၊ ဆွေးနွေးခွင့်တို့သာ ပါဝင်ကြောင်း ကိုလူမော်နိုင်၏ ဇ နီးဖြစ်သူထံမှ သိရ သည်။
၎င်းဆုကို အီတလီနိုင်ငံမှ ဘုန်းတော်ကြီးတစ်ပါးနှင့် အီတလီနိုင်ငံရောက် မြန်မာဘုန်းတော်ကြီးတစ်ပါးတို့ကို သာတက်ရောက်ရယူခိုင်းထားသည် ဟုလည်း ၎င်းကဆို သည်။ လာမည့် ဇူလိုင်လ ၁ဝ ရက်နေ့တွင်အမှုကို အပြီးသတ်အမိန့်ချမည် ဖြစ်ပြီး မည်ကဲ့သို့ စီရင်ချက်ချမည်ကိုမူ ကြိုတင်မှန်းဆထားရန် ခက်ခဲကြောင်း၊  အမှုကို လိုက် ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးရောဘတ်စန်းအောင်က ပြောကြားသည်။
သုတလင်း

ဘင်္ဂါလီသယ်ဆောင်သည့် အငြိမ်းစားရဲမှူး သား သမီးများ အမျိုးသားရေး သစ္စာဖောက်ဟု ရခိုင်ဝန်ကြီး ချုပ်သစ်ပြောဆို


 
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဲပဒုံဂိတ်၌ ဇွန်
 ၂၇ ရက်က ဘင်္ဂါလီကိုးဦး သယ်ဆောင်လာ
သည့် အငြိမ်းစား ရဲမှူးကြီး၏ သားသမီးများ
သည် အမျိုးသားရေး သစ္စာဖောက်များ ဖြစ်


သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဇူလိုင် ၂ ရက်တွင် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း၌ ထည့်သွင်း ပြောဆို ခဲ့သည်။
မြောက်ဦးမြို့နယ်သို့ ဘုရားဖူး လာရောက်သော အငြိမ်းစားရဲမှူးကြီး၏ သားသမီးများ ဖြစ်ကြသော မျိုးထက်စိုးနှင့် မွန်မွန်ချိုတို့သည် ကျောက်တော်မြို့ လက်ဆောင်ကောက်ရွာအနီး ကားလမ်းဘေးတွင် စောင့်ဆိုင်းနေသော ဘင်္ဂါလီ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို သယ်ဆောင်လာစဉ် အမ်းမြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဇွန် ၂၇ ရက်၌ ဖမ်းဆီးမိခဲ့သည်။
" အမ်းမြို့က ကိစ္စဆိုရင် ဒါအမျိုးသားရေး သစ္စာဖောက်ပဲ။ ထိထိ ရောက်ရောက် အရေးယူရမယ်။လုပ်တဲ့သူတွေက အမျိုးသားရေး သစ္စာဖောက်တွေ။ ဒါကလည်း အငြိမ်းစားရဲမှူး၊ အမှုထမ်း
အကြီးအကဲတွေရဲ့ သားသမီးတွေလို့ သိရ တယ်}ဟု ၀န်ကြီးချုပ်က ပြောဆိုသည်။
မိဘများ သည်မည်သို့ပင် ကောင်းကောင်း သားသမီးများက ယခုကဲ့သို့ ဖြစ်နေခြင်းကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူရမည် ဖြစ်ပြီး ထိုသို့သော ကိစ္စမျိုးသည် လုံးဝမဖြစ်သင့်ကြောင်း၊ ထိုကိစ္စများကို မည်သည့် တိုင်းရင်းသားမဆို လက်ခံနိုင်မည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
" နိုင်ငံသား ဖြစ်သင့်တဲ့သူကို နိုင်ငံသား ပေးတာ ကိစ္စမရှိဘူး။ မဖြစ်သင့်တဲ့ သူကိုပေးလိုက်ရင် ဒါနိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ ကျွန်တော်တို့ တိုင်းရင်းသားတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ တွေ့ဆုံပြီး ရှင်းလိုက်ရင်လည်း ရှင်းလင်းသွား
မှာပါ " ဟု ၎င်းက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဦးမောင်မောင်အုန်းကို နိုင်ငံတော်သမ္မတက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် လက်မှတ်ထိုး အတည်ပြုခန့်အပ်ခဲ့ပြီး ရခိုင် ပြည်နယ်အရေးပေါ် အစည်းအဝေး တတိယနေ့ ဖြစ်သော ဇူလိုင် ၂ ရက်တွင် လွှတ်တော်၌ ကတိသစ္စာ ပြုခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် ပထမဆုံးသော
မိန့်ခွန်းကို ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် ဦးမောင်မောင်အုန်း ပြည်နယ်လွှတ်တော်တွင် ကတိသစ္စာ ပြုသည့်နေ့တွင် ယခင် ၀န်ကြီးချုပ် ဟောင်း ဖြစ်သူ အမ်းမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်တင်သည် လွှတ်တော်တက်ရောက် ခဲ့ခြင်းမရှိချေ။
 ထိုက်သူဇော်
 စံတော်ချိန် နေ့စဉ်သတင်းစာ

ရေနွေးပူလောင်းခံရသူကို ဒေါ်လာတသိန်းကျော် လျော်ကြေးပေးရမယ်

Thai reporters photograph a 12-year-old Karen girl who suffered extreme abuse at the hands of a Thai couple last year. The Thai prosecutor has thus far failed to open a criminal case against the perpetrators. (Photo: Pattaya Daily News)
ထိုင်းနိုင်ငံမှာ ရေနွေးပူလောင်းနှိပ်စက်ခံခဲ့ရတဲ့ ကရင်ကလေးငယ်ကို ဘတ် ၄.၆ သန်း (ဒေါ်လာ တသိန်းခွဲနီးပါး) လျော်ကြေးပေးဖို့ ကန်ဖဲ့ပက် တရားရုံးက ဆုံးဖြတ်လိုက်တယ်။
နှိပ်စက်တဲ့ ထိုင်းအလုပ်ရှင် လင်မယားကတော့ လွတ်နေတုန်း။



ကလေးရဲ့ အကျိုးဆောင်ရှေ့နေတွေကတော့ ဒီလျော်ကြေးရဖို့အတွက် ဒီလင်မယားရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို စုံစမ်းပါလိမ့်မယ်။

ဒီလင်မယားမှာ ဒီငွေပမာဏကို ပေးလျော်နိုင်တဲ့ ဥစ္စာဓန ရှိမရှိ ဆိုတာကတော့ မသိရသေးပါ။

ရဲတပ်ဖွဲ့က သူတို့ကို စုံစမ်းရှာဖွေနေတာလည်း အရာမရောက်သေးပါဘူး။

အသက် ၁၂ နှစ်အရွယ် ဒီကလေးနဲ့ အင်တာဗျူးကို http://blog.irrawaddy.org/2013/02/blog-post_2293.html မှာ ဖတ်နိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ နှိပ်စက်တဲ့ အဲဒီလင်မယားလက်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့တာပါ။

ဒီလင်မယားကို ကလေးသူငယ်နှိပ်စက်ညှဉ်းပန်းမှု၊ ကလေးအလုပ်သမားအမှု၊ တရားမဝင် ထိန်းသိမ်းမှုတို့နဲ့ အရေးယူခဲ့ပါသေးတယ်။
အမှုတွေ ကြီးပေမယ့် သူတို့ကို အာမခံ ပေးလိုက်ပါတယ်။ ခုတော့ သူတို့ ထွက်ပြေးနေဆဲပါ။

ကလေးကိုတော့ ကန်ဖန်ပက်မှာပဲ အစိုးရက ဂရုစိုက်ထားတယ်။ ဘန်ကောက်က Mahidol University’s Ramathibodi  လို့ ခေါ်တဲ့ ဆေးရုံက ခေါ်ရင်တော့ သွားရောက် ကုသမှု ခံယူရတယ်လို့ ဆိုတယ်။
သူ့မိဘကလည်း ကန်ဖန်ပက်မြို့မှာပဲ အလုပ်လုပ်နေတယ်လို့ ဆိုတယ်။

ဒီကလေးရဲ့ လက်က အတော်လေး ပျက်စီးသွားတယ်။
အရွယ်ရောက်လာရင် သူ ကိုယ်ဝန်ဆောင် ကလေးမွေးနိုင်ပေမယ့် သူ့ကလေးကို နို့တိုက်နိုင်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။
နှိပ်စက်မှုက အဲဒီလောက်အထိ ပြင်းထန်ပါတယ်။

မူရင်းသတင်းအပြည့်အစုံက ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာ ဒီညနေပိုင်း တက်လာတာ ဖြစ်ပါတယ်။

  ဆုံးဖြတ်လိုက်တဲ့ လျော်ကြေးပမာဏက  ဒေါ်လာတသိန်းခွဲနီးပါး ရှိပါတယ်။ ဒါဟာ မြန်မာငွေ သိန်း ၁,၅ဝဝ နီးပါး ရှိပါတယ်။
ဒီဒဏ်ရာတွေကို သူ့ဘ၀တလျှောက်လုံး လိုအပ်သလို ကုသမှု ခံယူဖို့၊ သူ့ရဲ့ မူရင်းအနေအထား ပျက်စီးမှု တို့အတွက် သတ်မှတ်တဲ့ လျော်ကြေး ဖြစ်ပါလိမ့်မယ်။

ဒီလို တရားစီရင်မှုဟာ ဥပဒေချိုးဖောက်သူတွေကို တရားဥပဒေကြောင်းအရ အရေးယူရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းချက်လည်း ဖြစ်နေပါတယ်။

ပိုးသာကုန် မောင်ပုံစောင်းမတတ်ပညာရေးစနစ်နဲ့ သားကောင်လေးများ


ဇွန်လကျောင်းတွေပြန်ဖွင့်တဲ့အချိန် အနာဂတ်ရဲ့သားကောင်းရတနာလေးတွေပျော်နေကြပေမယ့် မိဘတွေကတော့ အပြင်ကျူရှင်မှာထားရမလား၊ အတန်းပိုင်ဆရာဆီမှာကျူရှင် ထားရမလား၊ ကျူရှင်လခမှ ရှာနိုင်ပါ့မလားဆိုတဲ့ လားပေါင်းများစွာနဲ့ ရတက်မအေး ဖြစ်နေကြရပါ တယ်။

ကျူရှင်လခကလည်း တစ် နှစ်တစ်ခါ ဈေးတက်ပါတယ်။ အိမ်ရှင်မတွေခမျာမှာလည်း ကုန် ဈေးနှုန်းတက်လို့စိတ်ညစ်ရတဲ့ အထဲ ကျူရှင်လခကလည်း တစ်နှစ်တစ်ခါဈေးတက်တော့ မသက် သာလှပါဘူး။ အတန်းပိုင်ဆီမှာ ကျူရှင်မထားချင်လို့ ပြင်ပဆရာ၊ ဆရာမသင်တဲ့ကျူရှင်မှာထားပြန် ရင်လည်း အတန်းပိုင်ရဲ့ငြိုငြင်တာ ခံရမှာစိုးလို့ ငွေကြေးတတ်နိုင်သူ များအနေနဲ့ အတန်းပိုင်ဆီမှာ လည်းကျူရှင်ထားရပါတယ်။ ဒါမှ ကိုယ့်ကလေးမျက်နှာမငယ်မှာ ဖြစ်ပါတယ်။ ကျောင်းသားမိဘ တစ်ယောက်ရဲ့အဖြစ်ကလည်း အံ့သြစရာ ကောင်းလောက်ပါ တယ်။ သူတို့နေတဲ့နေရာနဲ့ အတန်းပိုင်နေတဲ့နေရာကအလှမ်းဝေးတော့ အတန်းပိုင်ဆီမှာကျူ ရှင်မတက်ဘဲ အိမ်နားနီးတဲ့ကျူ ရှင်မှာထားရပါတယ်။ ကလေးကို အတန်းပိုင်ငြိုငြင်မှာစိုးလို့ ကျူရှင်တက်တဲ့အနေနဲ့ ကျူရှင်လခပုံမှန် ပေးနေရတယ်လို့ ဆိုပါတယ်။ အချို့ကျောင်းသားမိဘတွေက ပညာရေးဝန်ထမ်းမဟုတ်တဲ့ သူတွေဖွင့်တဲ့ကျူရှင်မှာထားကြတယ်။ ပြင်ပကျူရှင်မှာထားရင် သင်ခန်းစာအကုန်သင်လို့ စာအထိုက်အလျောက်တတ်တယ်လို့ဆိုကြပါတယ်။
ကျွန်တော်တို့ငယ်ငယ်က ကျူရှင်ဆိုတာမရှိခဲ့ပါဘူး။ ဆရာ၊ ဆရာမတွေက သင်ခန်းစာတွေကို ဖိဖိစီးစီးသင်ပေးကြသလို အချိန် ပိုခေါ်ပြီးလည်း သင်ပေးကြပါ တယ်။ အခုခေတ်မှာ ကျူရှင်က ခေတ်စားနေတော့ မိဘတွေက လည်း မရှိ ရှိတာရှာကြံပြီး ကျူရှင် ထားကြပါတယ်။ ဆရာ၊ ဆရာမ တွေဘက်ကပြန်ကြည့်ရင် သူတို့ ရတဲ့လစာနဲ့ မလောက်တဲ့အခါ စားဝတ်နေရေးအဆင်ပြေစေဖို့ အတွက် ကျူရှင်ဖွင့်တာကို အပြစ် မပြောလိုပါဘူး။ ဒါပေမဲ့ စာသင် ခန်းထဲမှာ ကျူရှင်မတက်နိုင်လို့ ကျောင်းကသင်တာကိုပဲ အားကိုး နေရတဲ့ကလေးတွေရှိသေးတယ် ဆိုတာကိုလည်း သတိထားစေချင် ပါတယ်။ ကျောင်းမှာအပြည့်အစုံ သင်မှာပဲဆိုပြီး ကျူရှင်မထားဘဲ နေမယ်ဆိုတဲ့ စွန့်စားမှုမျိုးကို မိဘ တော်တော်များများက မလုပ်ရဲ ကြပါဘူး။ လက်လုပ်လက်စား မိဘတွေအနေနဲ့ကတော့ ကိုယ့် သား၊ သမီးကို ကျူရှင်ထားချင်ပေ မယ့် ငွေကြေးမတတ်နိုင်လို့ လက် မှိုင်ချနေကြရပါတယ်။
ဒီသင်ခန်းစာကို ဒီဆရာ၊ ဆရာမတွေပဲသင်ကြတာ။ တစ် ခါထပ်ပြီး အဲဒီဆရာ၊ ဆရာမတွေ ဆီမှာ ကျူရှင်ထပ်တက်ရတယ်ဆို တော့ ကျောင်းမှာပြည့်ပြည့်စုံစုံ မသင်လို့လားလို့ မေးခွန်းထုတ်ရ မလိုဖြစ်နေပါတယ်။ လက်ရှိ အလယ်တန်း၊ အထက်တန်းတက် နေပြီး ကျူရှင်တက်နေကြတဲ့ ကလေးတွေကို ‘မင်းတို့ဘာဖြစ်လို့ ကျူရှင်ထပ်ယူရတာလဲလို့’မေး ဖူးပါတယ်။ ‘ကျောင်းမှာ သင်တာ နားမလည်လို့’ဆိုတဲ့ တူညီတဲ့ အဖြေတစ်ခုကိုရပါတယ်။ တက္က သိုလ်ဝင်တန်းမှာ ထူးထူးချွန်ချွန် အောင်ချင်လို့၊ သင်ခန်းစာကိုပိုပြီးကျေကျေညက်ညက်တတ်ချင်လို့ ကျူရှင်ယူတာမျိုး ဆိုရင်တော့ တစ်မျိုးပေါ့။ အခုခေတ်မှာဖြစ်နေ တာက မူလတန်းကလေးကစပြီး တက္ကသိုလ်ကျောင်းသားတွေ အထိ ကျူရှင်မတက်ရင်မဖြစ်တော့တဲ့အခြေအနေဖြစ်နေပါတယ်။အမှန်တကယ် ဖြစ်သင့်တာက ကျောင်းမှာသင်ကြားတာတစ်ခု တည်းနဲ့ ကလေးတစ်ယောက်ရဲ့ ပညာရေးက လုံလောက်မှုရှိနေရ မှာပါ။ ကျောင်းမှာပဲသင်သင်၊ ကျူရှင်မှာပဲသင်သင် ကျောင်းသားအားလုံးမှာ တူညီတာတစ်ခုက ဘာမှမတတ်ကြတာပါပဲ။ အဲဒီလို မတတ်တဲ့ကလေးတွေ ကြီးပြင်း လာပြီး တိုင်းပြည်မှာခေါင်းဆောင် တွေဖြစ်လာကြမယ်၊ နိုင်ငံတကာ နဲ့ယှဉ်ရမယ်ဆိုရင် . . . ဘယ်လို လုပ်ကြမလဲဆိုတာ စဉ်းစားကြည့် ကြပါဦးလို့ပြောချင်ပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ ကလည်း ဆရာ၊ ဆရာမတွေကျူ ရှင်မသင်ဖို့တားမြစ်မယ်ဆိုရင် လည်း ဆရာ၊ ဆရာမတွေအတွက် စားဝတ်နေရေး အခက်အခဲကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးမပေး နိုင်ဘူးဆိုရင် ကျူရှင်ကဆက်ပြီး ရှင်သန်နေမှာဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေအနေနဲ့ကလည်း မိမိ တို့စားဝတ်နေရေးအတွက် ကျူ ရှင်ဖွင့်သလို မိမိတို့ရဲ့အတန်းထဲ က တပည့်အားလုံးအပေါ်မှာ စေတနာပါပါသင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါဆိုရင် ကျူရှင်မထားနိုင်တဲ့မိဘတွေ၊ ကျူရှင်ကိုမဖြစ်မနေထားကြရတဲ့ မိဘတွေအတွက် ကျူရှင်စရိတ်ကို အခြားနေရာမှာသုံးလို့ရပါတယ်။ မိဘတွေအနေနဲ့ အသက်ရှူ ပေါက်ကလေး နည်းနည်းချောင် သွားမယ်ထင်ပါတယ်။ ကျောင်း သားတိုင်းကလည်း ကျူရှင်ထက် ကျောင်းစာသင်ခန်းကို ပိုပြီးအား ကိုးလာမှာဖြစ်ပါတယ်။ အခု ခေတ်မှာ ကျောင်းထားပြီဆိုတာနဲ့ ကျူရှင်ထားဖို့ပါ ဖွားဖက်တော် အဖြစ်ပါလာတော့ မိဘတွေလည်းတော်တော် ရုန်းကန်နေကြရပါ တယ်။
ဆရာ၊ ဆရာမများအနေနဲ့ မိမိတို့၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် ကျောင်းတွေမှာ ကောင်းမွန်စွာသင်ကြားပြီး ပြင်ပမှာလည်း အားလပ်ချိန် ကိုယ်ပိုင်ဝင်ငွေရှာနိုင်သည်ဟု ပညာရေးဝန်ကြီးကပြောခဲ့ပါတယ်။
ယခင်က ဆရာ၊ ဆရာမများ ဘာမှမလုပ်ကြရန် တားထားချိန်က ခိုးသင်၊ ခိုးလုပ်ခြင်းများရှိခဲ့ သဖြင့် ကျူရှင်ဈေးများတက်သွား ခဲ့သည်ဟု ဝန်ကြီးကပြောကြား သွားခဲ့ပါတယ်။
သို့သော် ဆရာ၊ ဆရာမများ အနေဖြင့် ပြင်ပဝင်ငွေရှာမည်ဆို ပါက အဂတိမပါရန်နှင့် ဘက် မလိုက်ရန်လိုအပ်မည်ဟု ဝန်ကြီးကပြောကြားသွားခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တော်တော်များများ ဒီဇင်ဘာလောက်ကစပြီး ကျောင်းကို တစ်ပတ်မှာတစ်ရက်လောက်ပဲသွား ပါတော့တယ်။ဘာဖြစ်လို့ကျောင်း မတက်ကြတာလဲလို့မေးကြည့်တဲ့အခါ ကျောင်းမှာစာမသင်ကြတော့ဘူးလို့ဆိုပါတယ်။ ကျွန်တော်တို့ငယ်ငယ်က ဒီလိုစာမေးပွဲနီးရင် ဆရာ၊ ဆရာမတွေက ဖိဖိစီးစီးသင်ပေးတယ်။ အရေးကြီးတာတွေကို ထပ်ခါထပ်ခါသင်ပေးပါတယ်။ အခုခေတ်က စာမေးပွဲ နားနီးရင် ကျောင်းမတက်ကြတော့ဘူး။ ကျူရှင်တက်နေကြတာများတယ်။ ဆရာမတွေကလည်း စာမသင်တော့ဘူးလို့ပြောပါတယ်။ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေအတွက် စေတနာရှင်တချို့က အနီးကပ်သင်တန်းတွေ ဖွင့်ပေးတာတွေရှိလာတဲ့အတွက် သာဓုခေါ်ရသလို ရေရှည်ရပ် တည်နိုင်ပါစေလို့လည်း ဆု တောင်းရပါတယ်။ ကလေးတွေ လည်း ကျောင်းနဲ့ကျူရှင်လုံးလည် လိုက်ပြီး ကစားချိန်၊ ပြင်ပစာဖတ် ချိန်၊ နားချိန်မရှိတော့တဲ့အတွက် ကျူရှင်မရှိရင် ကောင်းမယ်လို့ တချို့ကပြောနေကြပါတယ်။
အချုပ်အားဖြင့်ပြောရရင် အနာဂတ်ရဲ့သားကောင်းရတနာ လေးတွေ ပညာသင်ကြားတဲ့အခါ ကျောင်းနေပျော်၍ စာတော်ရ မည်ဆိုတဲ့ဆောင်ပုဒ်အတိုင်းဖြစ် ဖို့လိုပါတယ်။ အစိုးရ၊ မိဘနဲ့ ဆရာ၊ဆရာမတွေအားလုံးမှာ တာဝန်ရှိပါတယ်။ ကိုယ့်သားသမီးရဲ့အခြေအနေကို သတိမထားဘဲ ကိုယ်ဖြစ်ချင်တာကို ဦးစားပေး မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုပဲဆရာ၊ ဆရာမတွေ ဘက်ကလည်းကျူရှင်ကို အားမကိုးဘဲ ကျောင်းစာသင်ခန်းကို အားကိုးယုံကြည်မှုရှိလာအောင် လုပ်ပေးဖို့လိုသလို ကလေးတွေကို ပုံစံခွက်ထဲရိုက်သွင်းတဲ့ သင်ကြားရေးစနစ်ကိုလည်း အမြန်ဆုံး ပြုပြင်သင့်ပါတယ်။ ဒီလိုမှ မပြုပြင်ကြဘူးဆိုရင် ကလေးတွေအနေနဲ့ ငွေကုန်လူပန်းပြီး အချိန်တန်တော့ ဘာမှမတတ်ဘဲ အောင်လက်မှတ်၊ ဘွဲ့လက်မှတ်တစ်ခု ရလာကြတဲ့အခါပိုးသာကုန် မောင်ပုံစောင်းမတတ်ဆိုတဲ့ပုံပြင်ထဲက မောင်ပုံလိုဖြစ်ကုန်ကြမယ်ဆိုရင် . . . ။

7 Day Daily

စီးပွားရေးတက္ကသိုလ်အတွင်း ဦးမင်းကိုနိုင်ကို ဝင်ခွင့်မပြု၍ လူ့အခွင့်အရေးဆုရရုပ်ရှင်ပြပွဲ ဖျက်သိမ်း

 

 


ရန်ကုန်၊ မဇ္ဈိမ။                ။ စီးပွားရေးတက္ကသိုလ်အတွင်းပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဆုရ ဇာတ်ကားများ ပြသမည့် ပွဲသို့ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်
ဦးမင်းကိုနိုင် တက်ရောက်ခြင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြု၍ ဖျက်သိမ်းလိုက်သည်ဟု စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသား လူ့အခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ဦးဟန်ထူးခန့်ပိုင်က ဇူလိုင်လ ၂ရက်တွင် မဇ္ဈိမကို ပြောသည်။
ဆုရရှိခဲ့သည် ရုပ်ရှင်ကား ၉ ခုကို ရန်ကုန်၊ စီးပွားရေးတက္ကသိုလ်တွင် ဇူလိုင်လ ၂ရက်က ပြသရန် စီစဉ်ထားခြင်းဖြစ်သည်။ "ဒီကားတွေထဲမှာ မင်းကိုနိုင်ဆုဆိုပြီး ရထားတဲ့ကားပါတယ်။ အဲဒီအတွက် ကိုမင်းကိုနိုင်ကို ဖိတ်တယ်၊ သူကလည်း လက်ခံတယ် ဒီပွဲလုပ်ဖို့ကိုလည်း လေးရက်လောက်ကြိုပြီး ခွင့်ပြုချက် တောင်းထားပြီးသား အားလုံးခွင့်ပြုတယ်၊ ဒါပေမယ့်
ကိုမင်းကိုနိုင်ကို ဘာကြောင့် ကျောင်းထဲ ပေးမဝင်ဘူး၊ ဒီဟာတွေဖြစ်မြောက်အောင် လုပ်လာတဲ့ တကယ့်လူကြီးတွေမပါတော့ ဘာအနှစ်သာရမှမရှိတော့ဘူးလို့ ယူဆလို့ ကျောင်းသာတွေအစုံရောက်ပြီးမှ ပွဲကိုဖျက်လိုက်ရတယ်"ဟု ဦးဟန်ထူးခန့်ပိုင်က ဆိုသည်။
ယင်းသို့ ပြသရန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးက တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ဆုရ ရုပ်ရှင်ဇာတ်ကားများ ပြသရန် စီစဉ်ထားပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဦးဆုံးပြုခြင်းဟု ပြောသည်။
"တက္ကသိုလ်တွေမှာ ပြခွင့်ရဖို့ကို ကျောင်းသားတွေကို လုပ်ခိုင်းပြီးတော့ ပြသတာကိုတော့ ကျွန်တော်က လိုက်ပြီးလုပ်ပေးတာပါပဲ။ ကိုမင်းကိုနိုင်ကို ခွင့်မပြုတာကိုတော့ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိပါဘူး"ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးကမူ ကျောင်းသားများအကြား ပညာဗဟုသုတရရှိရန် ရုပ်ရှင်ကားများ ပြသခွင့်ပြုသော်လည်း တက္ကသိုလ်ဝင်းအတွင်း ကျောင်းနှင့်မသက်ဆိုင်သည့် အဖွဲ့အစည်းများ ဝင်ရောက်ရန်ကိုမူ ခွင့်မပြုနိုင်ဟု မဇ္ဈိမကိုပြောသည်။
"ကျွန်မတို့အနေနဲ့ ရုပ်ရှင်ပြမယ်ဆိုတာကို ခွင့်ပြုပါတယ်။ ဒါပေမယ့် ကျောင်းထဲကို တစ်ခြား အဖွဲ့အစည်းတွေက လာရောက်တာကိုတော့ လက်မခံပါဘူး။ ဘယ်သူဘယ်ဝါရယ်လို့ဆိုပြီး ခွင့်မပြုတာ မဟုတ်ပါဘူး။ ဘယ်ဖိအားကြောင့်မှလည်း မဟုတ်သလို ကျောင်းသားတွေကိုလည်း အရောင်မဆိုးစေချင်လို့ပါ။ နောက်တစ်ခုက ကျောင်းသားတွေကိစ္စဆိုရင် ကျောင်းက တာဝန်ယူနိုင်တယ် တစ်ခြားအဖွဲ့တွေပါလာတဲ့ ဒါကို ခွင့်မပြုနိုင်တာပါ"ဟု ဒေါ်ခင်နိုင်ဦးကပြောသည်။
ဒုတိယအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဝဇီရာရုံနှင့် ဂျန်းရှင်းစကွဲယားတို့တွင် ဇွန် ၁၅ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။ ထို့နောက် ဇွန် ၁၉ ရက်တွင် ရှန်ဂရီလာဟိုတယ်တွင် ဆုပေးပွဲ ကျင်းပခဲ့ပြီး အောင်ဆန်းစုကြည်ဆု၊ ဦးဝင်းတင်ဆု၊ မင်းကိုနိုင်ဆု၊ မတ်၁၃ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆုတို့အပါအဝင် ပြည်တွင်း၊ အာဆီယံနှင့် နိုင်ငံတကာ ကဏ္ဍသုံးရပ် အတွက် ဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်သို့ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ကား၊ နိုင်ငံတကာ ရုပ်ရှင်၂၆ကား စုစုပေါင်း ၆၇ကား ပါဝင်ပြသခဲ့သည်။

တရားဝင်ဖခင်မရှိတဲ့ကလေး .(ရဲဘော်တာတေ)


တပ်မတော်သား စစ်စစ်တွေအတွက် ၂၀၁၀ ခုနှစ်က ဖတ်ဖူးတာလေးကို
ပြန်လည်မျှဝေပါတယ်..။
(၁)
ကျနော် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး
ကိုယ့်ရဲဘော်တွေ ကျဆုံးတာတွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတာတွေ
များစွာကြုံတွေ့ခဲ့ရသော်လည်း “တို့ပြည်သူ့တပ်မတော် သားတွေဆိုတာ


ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို

ထိပါးရင်၊
ပြည်သူရဲ့ အသက် အိုးအိမ်စည်းစိမ်နဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင်
ဒီလိုစွန့်လွှတ်စွန့်စားပြီး ကာကွယ်ရမှာပဲ”ဆိုပြီး ဖြေနိုင်ခဲ့ပေမယ့် .... ။

ဒီနေ့ ကျနော့်ရင်ထဲမှာ ပူလောင်နေတယ်။ ကျနော်မျက်လုံးအိမ်ထဲက
မျက်ရည်တွေဟာ လဲ အလိုလို ကျနေတယ်။ တစ်သက်နှင့်တစ်ကိုယ်
ဒီလို ကျနော်မခံစားခဲ့ဘူးတော့ အလွန်အမင်း တုန်လှုပ်မိတယ်။

သွေးမတော် သားမစပ်ဘူးဆိုပေမယ့် ဒီကလေးက ကျနော်လက်ပေါ်မှာ
ကြီးခဲ့ရတာမို့ အနေနီးစပ်လို့ ဒီလိုခံစားရတာလားလို့ ကျနော့်ကိုယ်ကျနော
် ပြန်မေးခဲ့တယ်။ မဟုတ်ပါဘူး၊ အဖြစ်အပျက်ရဲ့ အခြေခံသဘောချင်းက
ကွာခြားတယ်။

သူ့ကို မမွေးခင်ကတည်းက ဖခင် ဖြစ်သူက တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို
သူ့အသက်နဲ့ လဲပေးသွားခဲ့တယ်။ ကြမ်းတမ်းတဲ့ လောကဓံကို
ရင်ဆိုင်ဖြတ်သန်းရင်း ရရှိလာတဲ့ နှလုံးရောဂါကြောင့် သူ့ကိုမွေးပြီးပြီးချင်း
သူ့အမေ က ဆုံးသွားခဲ့ပြန်တယ်။ ပြောရမယ်ဆိုရင်တော့ သူ့အဖေနဲ့
သူ့အမေကို သူ မမြင်ဖူးလိုက်။

ဒီလို့နဲ့ ကျနော့်ကို သူ့အဖေထင်ပြီး နေလာခဲ့တယ်။

---------------------

(၂)

ပြဿနာစတွေ့တာ သူ့အသက်ငါးနှစ်ပြည့်လို့ ကျောင်းအပ်တဲ့အခါ
ဆရာမက “ဖခင် အမည်” လို့ မေးတယ်။ ကျနော်က “ဦးသိန်းနိုင်”လို့
ဖြေလိုက်တော့ ကျနော့်အမည် မောင်မောင် အောင်ဆိုတာ သူများတွေခေါ်တာ
သူကြားပြီးသိနေတော့ သူက၀င်ပြီး

“ဦးမောင်မောင်အောင်” ပါလို့ ၀င်ပြောတယ်။

ဒါနဲ့ ကျနော်က သားကို နောက်မှရှင်းပြမယ်နော်လို့ ပြောလိုက်တော့
မျက်လုံးလေး ကလယ်ကလယ်နဲ့ ငယ်သေးတဲ့ကလေးဆိုတော့
မေ့မေ့ပျောက်ပျောက် ဖြစ်သွား တယ်။

ကျောင်းကပြန်လာတော့ တခြားကလေးတွေကို သူတို့အမေတွေ
လာကြိုတာ သူတွေ့ တော့ “ သားမေမေ ဘယ်မှာလဲ၊ သားတို့နဲ့ ဘာဖြစ်လို့
အတူမနေတာလဲ”လို့ မေးပြန်တယ်။ ကျနော်လည်း ဘာဖြေရမလဲ
မစဉ်းစားတတ်တော့တာနဲ့ “သားမေမေက ဟိုးအဝေးကြီးမှာ သားအတွက်
ပိုက်ဆံတွေ သွားရှာနေတာ၊ ပြန်လာတော့ သားတွေ့ရမှာပေါ့” လို့ ပြောထား
လိုက်ရတယ်။

မူလတန်းကျောင်းသားအရွယ်မှာ ဖုံးထားလို့ရပေမယ့် ..
အလယ်တန်းကျောင်းသား ဖြစ်လာတော့ ဖုံးထားခဲ့သမျှ အားလုံး
ပေါ်ကုန်တော့တာပါဘဲ။ အဲဒီနေ့က သူ့အသက် (၁၃)နှစ်၊
ခုနှစ်တန်းတက်နေတဲ့အချိန်၊ သူတို့ကျောင်းကို (လ၀က) စီမံချက်နဲ့
အသက် (၁၀)နှစ်ပြည့် မှတ်ပုံတင်လာလုပ်ပေးတော့ ပုံစံ(၇) ဖြည့်တဲ့အခါ .
မိဘ၊ အဖိုးအဖွား အားလုံးသူသိသွားတယ်။

သူ့ဘ၀ဖြစ်စဉ် သူ့ကို ပြောပြဖို့ ငိုပြီးတောင်းဆိုလာတယ်။
ဒါနဲ့ ကျနော့်စာအုပ်သေတ္တာ ထဲက ၁၉၈၃ ခုနှစ် ဒိုင်ယာရီကိုရှာပြီး
သူ့အဖေနဲ့ သူ့အမေအကြောင်း ရေးထားတဲ့ စာရွက်တွေကို ဖြုတ်ပြီး
ပေးလိုက်ရတယ်။

ပြည့်ပြည့်စုံစုံပြောပြပါလို့ ထပ်တောင်းဆိုလာတာကို သနားတာနဲ့..

" ဒီလိုကွ .........."

------------------------

(၃)

၁၉၈၂ ခုနှစ်မှာ ရန်ကုန်တိုင်း၊ သန်လျှင်မြို့မှာရှိတဲ့ ခလရ (၉၀) ကို
တာဝန်နဲ့ ရောက် သွားတော့ အဲဒီမှာ မောင်သိန်းနိုင်ဆိုတဲ့
ရဲဘော်လေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။
သူက လူငယ်လဲ ဖြစ်၊ လူပျော်လဲဖြစ်၊ ချောလဲချောဆိုတော့ သူ့ကို အားလုံးက
ချစ်ကြတယ်။ မိန်းကလေးတွေလဲ ပါတာပေါ့။
အဲဒီအထဲမှာ တပ်ခွဲ တပ်ကြပ်ကြီးတစ်ယောက်ရဲ့သမီး သန်းသန်းဆွေ ဆိုတဲ့
ကောင်မလေးနဲ့ သူ လူငယ်ချင်း မေတ္တာမျှခဲ့ကြပြီးနောက် ၁၉၈၃ ခုနှစ်၊
နှစ်ဆန်းပိုင်းမှာဘဲ ‘လေးမာန်အောင်’ စစ်ဆင်ရေးနဲ့ ရှမ်းပြည်တောင်ပိုင်းကို
ရှေ့တန်းထွက်ခဲ့ရတယ်။

ရှေ့တန်းကို ရောက်ပြီး သုံးလအကြာ လစာပေးအဖွဲ့လာတော့
သန်းသန်းဆွေ ရေးလိုက်တဲ့စာထဲမှာ သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့
ဆရာဝန်ကပြောတယ်။ အဲဒါ လက်ထပ်ခွင့်တင်ဖို့ အမြန်ဆုံးလုပ်ပေးဖို့ ပါတယ်။
ဒါနဲ့ ရဲဘော်သိန်းနိုင် တပ်ခွဲမှူးကို သတင်းပို့တင်ပြတယ်။

တပ်ခွဲမှူး ကလဲ သူထောက်ခံပေးမယ်လို့ ကတိပေးတယ်။

ဒါပေမယ့် ခက်နေတာက အားလုံးက ရှေ့တန်း မှာ ရောက်နေတယ်ဆိုတော့
ရှေ့တန်းကပြန်မှဘဲ အမြန်ဆုံးဖြစ်အောင် စီစဉ်ပေးမယ်လို့ တပ်ခွဲမှူးက ပြောတယ်။

နောက်သုံးလလောက်ကြာတော့ ခလရ (၇၀) လာချိန်းတာကြောင့်
နောက်တန်းကို ပြန်ရပေမယ့် ကုသိုလ်ကံက မကောင်းဘူး။

တပ်ရင်းမှာ (၅) ရက်သာ အနားရပြီး လွှတ်တော် လုံခြုံရေးဆိုပြီး
ရန်ကုန်ကို ပြန်ထွက်ရပြန်တယ်။
အဲဒီအချိန်မှာ ရဲဘော်သိန်းနိုင်နဲ့ သန်းသန်းဆွေ တို့အပြင် လူ့လောကထဲကို
မရောက်သေးတဲ့ သန်းသန်းဆွေလွယ်ထားတဲ့ ဗိုက်ထဲက ကလေးရဲ့ ဘ၀၊
အဲဒီဘ၀သုံးခုဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဆိုတဲ့
ကျွဲနှစ်ကောင် ခတ်တဲ့ကြား မှာ မြေဇာပင်ဖြစ်ခဲ့ရတဲ့အကြောင်းကတော့ ....

---------------------------

(၄)

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှာ မြန်မာအစိုးရရဲ့
ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ သမ္မတကြီး ချန်ဒူးဝန်နဲ့
ဝန်ကြီးတချို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် အလည်ရောက်လာခဲ့တယ်။

အောက်တိုဘာလ (၉)ရက်နေ့မှာ ဧည့်သည်တော် တောင်ကိုရီးယား သမ္မတကြီးနဲ
့ ၀န်ကြီးအဖွဲ့ဟာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြု ပန်းခွေချဖို့
အာဇာနည်ကုန်းကို သွားတယ်။ အဲဒီမှာ တောင်ကိုရီးယားသမ္မတကြီးကို
လုပ်ကြံဖို့ မြောက်ကိုရီး ယားအစိုးရက လွှတ်လိုက်တဲ့ ကွန်မာန်ဒို (၃)ဦးက
ဗုံးခွဲတိုက်ခိုက်တာကြောင့် တောင်ကိုရီးယား သမ္မတကြီး လွတ်မြောက်ခဲ့သော်လည်း
ဝန်ကြီး (၄)ဦး၊ အဖွဲ့ဝင် (၁၃)ဦး၊ မြန်မာ (၄)ဦး သေဆုံး သွားခဲ့တယ်။

အောက်တိုဘာလ (၁၀) ရက်နေ့မှာ အကြမ်းဖက်ဖေါက်ခွဲရေး
အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးအဆင့် ဇင်မိုကို ပုဇွန်တောင်ချောင်းထဲမှာ ဖမ်းဆီးရခဲ့ပြီး
ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာန ခွဲစိတ်ခန်း အနီးကပ်အထူးလုံခြုံရေး
တာဝန်ယူခဲ့ရပြီး အောက်တိုဘာလ (၁၁) ရက်နေ့ မနက် (၁၀) နာရီလောက်မှာ
အဲဒီ မြောက်ကိုရီးယားဖေါက်ခွဲရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဇင်မို ကို
အမှတ်(၂) တပ်မတော်စစ်ဆေးရုံကြီးသို့ ပို့ပေးပြီး ကန်တော်မင်ပန်းခြံအတွင်းရှိ
အမှတ်(၁) စစ်ဗျူဟာရုံးကိုရောက်တော့ ရန်သူ့သတင်းကြေးနန်းဝင်နေတယ်။

ရဲဘော်တွေ တန်းစီထားပါ ဆိုတဲ့ အမိန့်က ဆီးကြိုစောင့်နေတယ်။

ခဏကြာတော့ အသေခံကွန်မန်ဒို (၁၀)ယောက် ရွေး၊ ကားပေါ်တက်ခိုင်းပြီး
ဒလကြမ်းမောင်းထွက်ခဲ့တယ်။
ပြီးတော့ မင်္ဂလာဒုံ (၅၀၂) လေတပ် လေယာဉ်ကွင်းကိုရောက်တော့
ရန်ကုန်တိုင်း ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်
(န၀တ လက်ထက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်၊ သာသနာရေးဝန်ကြီး)၊
အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ညီစိန်၊ ခလရ (၉၀) တပ်ရင်းမှူး
ဒုတိယဗိုလ်မှူးကြီး အုန်းမြင့်၊ ခလရ (၉၀) ထောက် လှမ်းရေးအရာရှိ
ဗိုလ်ကြီးကျော်စိုးနဲ့ တွေ့တယ်။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်က

“ရဲဘော်တို့ အခု ရန်သူကို သွားရှာရမယ်။ ရှာတဲ့အခါမှာ ဆူးတွေ့လဲနင်း၊
ကျားတွေ့လဲတိုး၊ မြေကြီး တစ်လက်မ မကျန် တောနင်းရှာဖွေပါ။
တွေ့ခဲ့ရင် အရှင်ရအောင်ဖမ်းပါ။ တို့တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာ ပြန်ဆည်ဖို့
တို့ရဲဘော်တွေရဲ့ အသက်တွေ စတေးရင်လဲ စတေးရမယ်။
ဒါပေမယ့် ရန်သူဒဏ်ရာရတာ မလိုချင်ဘူး” လို့...အမိန့်ပေးပြီး..

ရဲဘော်တွေရဲ့ အမည်၊ ကိုယ်ပိုင်အမှတ်၊ သွေးအုပ်စု၊ တိုက်ပွဲမှာ ကျဆုံးခဲ့ရင် -
အမွေစားမွေခံ ဘယ်သူ့ကိုပေးမယ်၊ ပထမဦးစားပေး ဒုတိယဦးစားပေး
စတာတွေ မှတ်တမ်းမှာဖြည့်ကာ ရဟတ်ယာဉ်ပေါ်တက်ပြီး ထွက်တယ်။

ရွှေတိဂုံဘုရားကြီးကို သုံးပတ်ပျံသန်းပေးပြီး ဘုရားကို ၀တ်ပြုစေတယ်။
ပြီးမှ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာနဲ့ အနီးဆုံး
တာရိုးကြီးပေါ်ဆင်းဖို့ ရဟတ်ယာဉ်ကို နှိမ့်လိုက် တာနဲ့
စပါးပင်တွေအကုန်လဲတာကြောင့် လေထဲမှာဘဲရပ်ပေးပြီး ရဲဘော်တွေကို
ခုန်ဆင်းစေ ခဲ့တယ်။

ရဲဘော် (၁၀) ယောက် မြေကြီးပေါ်ရောက်တာနဲ့ စစ်တပ်ရဲ့ထုံးစံအတိုင်း
သခွတ်ပင်ရွာ ထဲကို ရှင်းလင်းဝင်ရောက်တော့ ရန်သူက မရှိတော့ဘူး။

ရွာအပြင် လယ်ကွင်းတွေဖက် ထွက် သွားကြောင်း သတင်းအရ
ရွာအပြင်ကိုထွက်၊ လယ်ကွင်းတွေထဲမှာ ရင်ဘောင်တန်း ဖြန့်ပြီး ရှာတယ်။
မိုးသာချုပ်သွားတယ်။ ရန်သူ့အရိပ်အယောင်ကို မတွေ့ရသေးဘူး။
ဒါနဲ့ လယ်ကွင်း စပ်မှာ ရွာကပေးတဲ့ ထမင်းထုပ်ကို စားပြီး
ငုတ်တုတ်မိုးလင်းခဲ့ရတယ်။

--------------------------

(၅)

အောက်တိုဘာလ (၁၂) ရက်နေ့ မနက်အလင်းရောင်ရတာနဲ့
လယ်ကွင်းထဲ ထပ်ပြီး ရှာတယ်၊ မတွေ့ဘူး။
ပြီးတော့ ကမ်းစပ်က ခရားတောကို တောနင်းပြီးရှာတယ်။
အဲဒီတော့မှ ရေဆင်းမြောင်းထဲမှာ ဗေဒါတွေနဲ့ဖုံးအုပ်၊ မျက်ကွယ်ယူထိုင်နေတဲ့
မြောက်ကိုရီးယား အကြမ်း ဖက် ဖေါက်ခွဲရေးသမား ဗိုလ်ကြီးအဆင့်ရှိသူ
ကင်မင်ချူးကို တွေ့လိုက်ရတယ်။

ဒီတော့ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်ရဲ့ အမိန့်အတိုင်း
ရင်ဘောင်တန်းဖြန့်ထားတဲ့ ရဲဘော်တွေရဲ့ ဘယ်အစွန်က သုံးယောက်ကို
အသင့်ပြင်ဖို့ တပ်စိတ်မှူးက အမိန့်ပေးတယ်။

ဘယ်အစွန်မှာရှိနေတဲ့ ရဲဘော်သန်းထွေး၊ ရဲဘော်သိန်းနိုင်၊ ရဲဘော်ညွန့်ဟန်တို့
လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်တွေကို မြေကြီးပေါ်ချလိုက်ပြီး
ရှေ့တစ်လှမ်းစီ တိုးရပ်လိုက်တာကို မြင်နေရတယ်။

အဲဒီနောက် တပ်စိတ်မှူးရဲ့ လက်ခုပ်တီးပြီး “စ”လို့ အမိန့်ပေးသံ၊

ရဲဘော် သုံးယောက်ရဲ့ “ကျား” ဆိုတဲ့ အော်ဟစ်မာန်သွင်းသံ၊
“ဂျိန်း”ကနဲ ပေါက်ကွဲသံ ဆက်တိုက် ထွက် ပေါ်လာခဲ့ပြီး မြင်ကွင်းတစ်ခုလုံး
မီးခိုးများ ဖုံးအုပ်သွားခဲ့တယ်။


မီးခိုးများလွင့်ပါးသွားချိန် မြင်ကွင်းကို သေချာကြည့်လိုက်တော့ ..
ကျနော်တို့ ရဲဘော် သုံးယောက် ရန်သူနဲ့မလှမ်းမကမ်းမှာ လဲပြိုနေကြတာကို
တွေ့လိုက်ရတယ်။

ထို့နောက် တပ်စိတ် မှူးက “နောက်သုံးယောက် အသင့်ပြင်”လို့
အမိန့်ပေးသံအဆုံးမှာ ရဲဘော်သုံးယောက် သေနတ် များကို ဘေးချကာ
ရှေ့တစ်လှမ်းစီ တိုးရပ်လိုက်ကြတာကို မြင်နေရတယ်။

ထို့နောက် တပ်စိတ်မှူးရဲ့အမိန့်ပေးသံ ထွက်ပေါ်လာပြီး..
ရဲဘော်တွေရဲ့ ကျားထိုးခုန် အုပ် ဖမ်းဆီးမှုကြောင့် နောက်ဆုံးတွင် ..
ရန်သူကို အရှင်ရအောင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒဏ်ရာရသူ
ရဲဘော်သုံးဦးကို ရဟတ်ယာဉ်နဲ့တင်ပြီး မြေပြင်မှ စတက်လိုက်သည်နှင့်
ရဲဘော် ညွန့်ဟန် ကျဆုံးသွားသည်။ နောက် လမ်းခုလတ်မှာပင်
ရဲဘော်သိန်းနိုင် ကျဆုံးသွားခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်းသို့
အဆင်းမှာ ရဲဘော်သန်းထွေး ကျဆုံးသွားခဲ့တယ်။

ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးကို သူရတံဆိပ်ပေးခဲ့သော်လည်း..
ရဲဘော်သိန်းနိုင်မှာ လက်ထပ်ခွင့်ပြန်မကျခင် ကျဆုံးသွားခဲ့သောကြောင့်
သန်းသန်းဆွေမှာ ခံစားခွင့်လဲမရဘဲ ချစ်သူနှင့် သေကွဲ ကွဲခဲ့ရခြင်း၊
တရားဝင် လက်ထပ်ခြင်း မပြုလိုက်ရသော်လည်း ကိုယ်ဝန်ကြီး လွယ်ထားရ၍
ပတ်ဝန်း ကျင်၏ တီးတိုးပြောဆိုခြင်းကြောင့် အရှက်ရစေခဲ့ခြင်း၊
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ အစားဆင်းရဲခြင်းတို့ စုပေါင်းကာ နောက်ဆုံး၌
နှလုံးရောဂါရရှိပြီး ကလေးမွေးပြီး ချိန်တွင် ဆုံးပါးသွားခဲ့ရရှာတယ်။

----------------------

(၆)

ဒီလိုနဲ့ဘဲ သားကို ဦးကဘဲခေါ်မွေးခဲ့တယ်လို့ ပြောပြအပြီး ..
ကလေးကိုကြည့်လိုက်တော့ မျက်ရည်တွေစီးကျနေသော်လည်း
မျက်တောင်မခတ်တော့ဘူး။

ကျနော်က သူ့ပုခုံးနှစ်ဖက်ကို ကိုင်ပြီး ...
သားသားလို့ခေါ်ပေမယ့် အသံလည်းထွက်မလားဘူး။

ဒါနဲ့ ကျနော်လည်း သူ့ကိုထမ်းပြီး နီးစပ်ရာ ဆေးခန်းပြေးပြတယ်။

ဆရာဝန်က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို သွားဖို့ ပြောတယ်။

နောက်ဆုံး အရေးပေါ်ကိုရောက်ပြီး နှစ်နာရီ လောက်အကြာမှာ ..
ဆရာဝန်ကြီးက “ဒီကလေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်။
အခုအဲဒီနှလုံးရောဂါနဲ့ဘဲ ဆုံးသွားပြီ” တဲ့။

ကျနော့် ရင်ထဲ ဗလောင်ဆူသွားတယ်။

ဆေးရုံမှာလုပ်စရာရှိတာတွေ လုပ်ကိုင်ပေးခဲ့ပြီးတော့
အိမ်ကို ဘယ်လိုပြန်ရောက်သည်ကိုပင် ကျနော်မသိ။
ကျနော့်စိတ်ထဲမှာ အရမ်းကိုမွန်းကျပ်နေတယ်။

‘ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့’ တဲ့၊
ရှေးကဆိုခဲ့တဲ့စကား။ ကြာရင်ဆိုတဲ့အချိန်ကာလ ..
ဘယ်လောက်ကြာရင် မေ့မှာလဲ။

---------------------------

(၇)

ဒီနေ့မနက် သတင်းကြေငြာတဲ့အထဲမှာ “မြောက်ကိုရီးယား
အစိုးရကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း၊
နောက်တနေ့တွင် နေပြည်တော်တွင် နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး
ဆွေးနွေးရန်”တဲ့။

ကြားလိုက်ရတဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ
ဝမ်းနည်းကြေကွဲခြင်းနှင့် ဒေါသထွက်ခြင်း တပြိုင်တည်း ဖြစ်ပေါ်လာခဲ့တယ်။

ဒီမြောက်ကိုရီးယားအကြမ်းဖက်သမားတွေ ကိုယ့်မြေပေါ်..
ကျူးကျော်ဝင်ရောက်၊ ကိုယ့်ဧည့်သည်ကို စော်ကား၊
ဒါကို တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်အသက်နဲ့
လဲပေးသွားတဲ့ စွန့်လွှတ်စွန့်စားသူ ပြည်သူ့တပ်မတော်သားတွေရဲ့
သစ္စာတရားကိုမှမထောက်၊ လုပ်ရက်ပါပေ့ကွာ။

မနက်မိုးလင်းရင် တစ်ကြိမ်၊ ညမိုးချုပ်ရင်တစ်ကြိမ် ဆိုနေကြတဲ့
သစ္စာအဓိဋ္ဌာန် (၄)ချက်ဆိုတာ ဘာရည်ရွယ်ချက်နဲ့ဆို နေကြတာလဲ။

- ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

- ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့၏ သစ္စာကို
စောင့်သိရိုသေပါမည်။

- ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာ
ထမ်းဆောင်ပါမည်။

- ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို
စွန့်လွှတ်ရန် အဓိဋ္ဌာန် ပြုပါ၏။ - တဲ့။

ဒီသစ္စာအဓိဋ္ဌာန် (၄)ချက်အတိုင်း ကျနော့်ရဲဘော် သန်းထွေး၊
ရဲဘော်ညွန့်ဟန်၊ ရဲဘော် သိန်းနိုင်တို့သည် သူတို့ရဲ့အသက်နှင့်
ခန္ဓာကိုယ် စွန့်လွှတ်ပေးသွားခဲ့တယ်။

သူတို့ကို မှီခိုနေကြ ရတဲ့ သူတို့ရဲ့ မိသားစုတွေဆိုရင်လဲ စစ်သားတစ်ယောက်
တိုက်ပွဲကျသွားပြီးနောက်ပိုင်း (၃)လ သာ နေအိမ်လိုင်းခန်း၌ နေထိုင်ခွင့်ရှိပြီး
(၃)လပြည့်ပြီးတာနဲ့ ဆင်းပေးဖယ်ပေးကြရတယ်။

မဖြစ် စလောက် ထောက်ပံ့ငွေးလေးနဲ့ နေစရာကမရှိ၊
ကြာတော့ လမ်းဘေးရောက်၊ သားသမီး တွေရဲ့ စားဝတ်နေရေး၊
ပညာရေး၊ ကျန်းမာရေး ဘာမှမရေရာတော့ သူတို့အတွက်
အနာဂတ်ဆိုတာ ဘာလဲလို့ မေးယူရမယ့်ဘ၀။

နောက်ဆုံးတော့ သားသမီးတွေ ထမင်းလေးနပ်မှန်စေဖို့
မျက်စိကို စုံမှိတ်ပြီး ခန္ဓာကိုယ်ကို စတေးလိုက်ရတဲ့ စာရင်းတွေသာ
တနေ့တခြား တိုးတိုးလာခဲ့တယ်။ တရားဝင်ဖခင်မရှိတဲ့ ကလေးတွေ
များများလာနေတယ်။

ဒီအကြောင်းတွေကို ကျနော်စဉ်းစားတိုင်း ထွက်လာတဲ့အဖြေကတော့
ကျနော်တို့ အောက်ခြေကစစ်သားတွေဟာ သစ္စာအဓိဋ္ဌာန် (၄)ချက်ကို
နေ့စဉ်ဆိုနေကြရတယ်၊ စောင့်သိ ရိုသေ လိုက်နာနေကြတယ်။

စစ်ဗိုလ်ချုပ်တွေက သစ္စာအဓိဋ္ဌာန် (၄)နဲ့ ကင်းကွာနေကြတယ်။

ဘာဘဲဖြစ်ဖြစ် စစ်ဗိုလ်ချုပ်ကြီးများဟာ ကျဆုံးလေပြီးသောရဲဘော်တို့၏
သစ္စာကို စောင့်သိရိုသေ မယ်ဆိုရင် ဒီမြောက်ကိုရီးယား အကြမ်းဖက်အစိုးရကို
အဆက်အသွယ် မလုပ်သင့်ပါ။

ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကိုမစောင့်သိဘဲ
ကိုယ့်အာဏာတည်မြဲရေးကိုသာ ကြည့်မယ်ဆိုခဲ့ရင် ကျနော်တို့
အောက်ခြေစစ်သားတွေအနေနဲ့ စဉ်းစားသင့်တာတွေ စဉ်းစားပြီး
လုပ်သင့်တာတွေကို လုပ်ကြဖို့ လိုအပ်နေပြီလို့ ... ။

......

( ရဲဘော်တာတေ / Source yoma3.org )

==============

အာဏာရှင်ဟာ..
တိုင်းပြည်က မွဲတေနေပါရက်နဲ့...
နှူကလီးယားရူးရူးပြီးသကာလမှ

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့
ဗိမာန်ကို ဖေါက်ခွဲဖျက်ဆီးခဲ့တဲ့..
မြောက်ကိုးရီးယားတွေနဲ့
ကူးလူးဆက်ဆံခဲ့ကြတယ်။

ဖွတ်သားပေါက်အချို့က မြောက်ကိုးရီးယားကို အထင်ကြီးကြတယ်..။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ
ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း (ယခု ပြည်သူ့လွှတ်တော်ဥက္ကဌ
ဦးရွှေမန်း) နှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ်
ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ
ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့တယ်.

၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှာ မြာက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ ပတ်အွီချွန်း မြန်မာပြည်ကို လာလည်သွားခဲ့တယ်..

ပြီးတော့ မြန်မာနိုင်ငံကိုလက်နက်ခိုးဝှက်တင်ပို့နေတဲ့..
မြောက်ကိုးရီးယား သင်္ဘောံတွေရဲ့သတင်းတွေ စိပ်စိပ်လာတယ်..၊

အခုရော...ဘယ်လိုလဲ...၊

( ပုရစ်)

ရိုမန်းဘော့ထ်ဖီဗာ


ကဗျာဆရာအောင်ရင်ငြိမ်း…
ဘလောဂ်စရေးစလောက် ကတည်းက ကြားဖူးခဲ့ပါတယ်…။
ဒါပေမယ့် ကဗျာလိုင်းမဟုတ်တော့ သိပ်တော့ မသိပါဘူး။
နောက်တော့ စာပေလောကမှာ သဲသဲလှုပ်လှုပ်ဖြစ်စေတဲ့…. အောင်ရင်ငြိမ်း ရဲ့ ရိုမန်းဘောထ် စာအုပ်ထွက်လာခဲ့တယ်..။ စာအုပ်ထဲက အချို့အပိုင်းအစလေးတွေလည်း ဖဘပေါ်ကနေ ဟိုနားဒီနားက ဖတ်မိထားတယ်။ အဲဒီစာအုပ်မှာ အမှာစာရေးတဲ့ စာရေးသူတွေထဲမှာ
“မလေး” ဆိုသူလည်း ပါတယ်ပေါ့နော်..။ ခက်တာက ဘလောဂ်အသိုင်းအဝိုင်းနဲ့ အခု နောက်ပိုင်း စာပေအသိုင်းဝိုင်းထဲကလူတော်တော်များများက “မလေး” လို့ ကျမကိုလည်း ချစ်စနိုးခေါ်တတ်ကြတယ်။
အဲဒီတော့ ချစ်ခင်ရင်းနှီးသူ စာပေမောင်နှမတွေထဲက အချို့က စိတ်ပူပြီး ပြောလာကြတယ်။ “ကြည့်ကျက်လုပ်ဦးနော်.. တို့တွေသိတဲ့ မလေးကတော့ ဒီမလေး ပဲ” ဆိုတော့… ဒီကလည်း ဘုရားတွေဘာတွေ တ ပြီး …. သူတို့ရဲ့စေတနာကိုလည်း လေးစားစွာနဲ့ “မလေးတော့ မလေးပါပဲ … မလေးအိမ့်ချမ်းမြေ့ပါ” ဆိုတာကို ဖဘမှာ မသိမသာ ကြေငြာရတော့တယ်…။
ဒါပေမယ့် ဒီမလေးက ဘာသာပြန်စာအုပ် မထုတ်ဖူးဘူး။ ဖတ်လိုသမျှ စာအုပ်မှန်သမျှ ရှာဖွေဖတ်ရှု ဝယ်ယူလို့ရတဲ့ လက်လှမ်းမှီရာ နေရာဒေသတစ်ခုမှာ နေထိုင်နေသော်လည်း…. မူရင်းစာရေးဆရာ/ဆရာမတွေရဲ့ ခွင့်ပြုချက် မရဘဲ ဘာသာပြန်ကာ ပုံနှိပ်ထုတ်ဝေလိမ့်မှာ မဟုတ်သူ ဆိုပြီး…. (လူအထင်ကြီးစရာမရှိသော ယုံကြည်ချက်ကြီးတစ်ခုကို လက်ကိုင်ထားပြီး) ရပ်တည်နေသူပါ။
အဲသလို… မြန်မာစာပေလောကမှာ ခွင့်မတောင်းဘဲ သူများရေးထားတဲ့ စာတွေကို အုပ်လိုက်ယူပြီး ဘာသာပြန်ကာ ပရင့်လုပ်သူတွေကိုလည်း မှန်သည် မှားသည် မဝေဖန်လိုပါဘူး။ သူတို့လည်း သူတို့ခံယူချက်နဲ့ လုပ်ကြသည်ဖြစ်သလို.. ဘာသာပြန်သူတွေ မရှိရင်ဘူး၊ စည်းတွေနဲ့ နေနေတယ်ဆိုရင်လည်း.. ‘တိုင်းတစ်ပါးက စာပေတွေကို မြန်မာတွေလက်ထဲ ကိုင်ပြီး မြန်မာလို ပယ်ပယ်နယ်နယ် ဖတ်ရှုဖို့က မလွယ်ဘူး’ ဆိုတဲ့ စာဖတ်သူတွေအပေါ်ထားတဲ့ စေတနာအတွေးကလည်း ရှိနေပြီးသားဖြစ်ပါတယ်။ ကိုယ်အနေနဲ့က မူရင်းစာရေးဆရာတွေကို ဆက်သွယ်လို့ လွယ်ကူကောင်းလွယ်ကူနိုင်ပေမယ့် .. ပြည်တွင်းက ဘာသာပြန်သူတွေအနေနဲ့က ကိုယ်လို မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်လို့ လွယ်ချင်မှ လွယ်ကူမှာဖြစ်တယ်ဆိုတဲ့ နားလည်စိတ်လည်း ရှိပါတယ်။
အဲဒီတော့ ကိုယ့်ကိုကိုယ်ပဲ စည်းတားတယ်။ “မင်းက တိုင်းပြည်အပြင်မှာ လက်ရှိနေထိုင်သူ၊ မူရင်းစာရေးဆရာတွေကို မင်းမှာဆက်သွယ်နိုင်တဲ့ အခြေအနေရှိတဲ့ အတွက် … မင်းကတော့ ဆက်သွယ်ခွင့်တောင်းပြီးမှ ဘာသာပြန်ရေးသင့်တယ်” ဆိုတဲ့ စည်းနဲ့ ကိုယ့်ကိုကိုယ်ပဲ တားထားလိုက်တယ်ဆိုပါရစေ။
ရိုမန်းဘော့ထ် စာအုပ်နဲ့ ပတ်သက်ပြီး စာအုပ်ကို မဖတ်ဘူးသေးဘဲနဲ့လည်း ဝင်မပြောလိုတဲ့အပြင်၊ ဒီရက်တွေမှာ ကမ္ဘာ့ဖလားကို စိတ်ဝင်စားနေတာလည်း ပါတယ်။ ဒါပေမယ့် ဖဘပေါ်မှာ ဘောလုံးသတင်းလေးမြင်ချင်ရင်တောင် မမြင်ရအောင် ရိုမန်းဘော့ထ် အဖျားတက်နေကြပါတယ်။ ဘယ်ပဲသွားလိုက်သွားလိုက် ရိုမန်းဘော့ထ်ဖီဗာ ဖြစ်နေကြတာကို မြင်နေရတော့တာပါပဲ။ အဲသလို ရိုမန်းဘော့ထ် အဖျားတက်နေတဲ့ လူအချို့ကြောင့် မမြင်ချင်လည်း မြင်နေရတဲ့ လက်လှမ်းမှီသမျှ တစ်ကြောင်းစ နှစ်ကြောင်းစ စာသားတွေကို ကြည့်ပြီး၊ တစ်ကယ်ကို ဒီစာအုပ်က ဒါချည်းပဲလားလို့ တွေးလိုက်မိတယ်။
ဒီလိုနဲ့ ရိုမန်းဘော့ထ်ကို ဒေါင်းလုပ်ဒ်ချပြီး ဖတ်လို့ရလာတယ်။
ဟုတ်ကဲ့…. ကျမ ဖတ်ကြည့်လိုက်ပါတယ်။
စာအုပ်ဖတ်ပြီးတော့ … “အောင်ရင်ငြိမ်း အမှားကြီး တစ်ရပ်ကျူးလွန်လိုက်တာလား” ဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ် ထုတ်ကြည့်မိတယ်။
E.L. James ရဲ့ Fifty Shades of Grey စာအုပ် နဲ့ စာရင် ရိုမန်းဘော့ထ် စာအုပ်က အများကြီး ယဉ်ကျေးပါသေးတယ်။
အနောက်နဲ့အရှေ့ မယှဉ်ကောင်းပါဘူး၊ မယှဉ်ပါနဲ့ဆိုရင်လည်း အောက်မှာဆက်ပြောခွင့်ပြုပါ။
ရိုမန်းဘော့ထ် စာအုပ်က စာအုပ်စင်တွေပေါ်မှာ ရှိသင့်သမား မရှိသင့်ဘူးလားဆိုတာလည်း ငြင်းခုန်ရမယ့် အခြေအနေမဟုတ်တော့ပါဘူး။ ဒီစာအုပ်က မြေအောက်လောကထဲ ရောက်သွားခဲ့ပြီလို့ ဆိုရမလား။
ဒီကြားထဲမှာမှ တော်တော်ရယ်စရာကောင်းသွားတာက ရိုမန်းဘော့ထ် နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ သတင်း၊ အဲဒီသတင်းထက်ကို သတင်းအောက်ခြေမှာ ရုတ်တရက်ကို မြန်မာပြည်မှာ မုဒိန်းမှုတွေ တက်သွားတဲ့ ပုံစံရေးထားတယ်။ ရိုမန်းဘော့တ်စာအုပ်ကဖြင့် မနေ့တစ်နေ့ကမှ ထွက်တာ ဘယ်လိုဖြစ်ပြီး မုဒိန်းမှုတွေက ရုတ်ချည်းထိုးတက်သွားတာပါလိမ့်ဆိုပြီး တွေးလိုက်မိသေးတယ်။ ဒီလောက်ကို မြန်ကြသလားပေါ့။
အောင်ရင်ငြိမ်းကတော့ ဖောက်ထွက်ရေးတာလို့ ဆိုတယ်။ အောင်ရင်ငြိမ်းရဲ့ ရှုထောင့်ကကြည့်ရင် ဖောက်ထွက်တာ ဟုတ်ရင်လည်း ဟုတ်မှာပါ။ ကနေဒါ (ခေါ်) open society တစ်ခုမှာ နေတာ အနှစ် ၂၀ကျော်ကြာသူ တစ်ယောက်အနေနဲ့ကတော့ စာအုပ်ကိုဖတ်ပြီးနောက် ဖောက်ထွက်တယ်လို့လည်း မမြင်ဘူး၊ ဘာမှ ထူးထူးခြားခြား ရင်သပ်ရှုမော အတွေးအခေါ်အသစ်အဆန်းတွေလည်း မတွေ့ဘူး။ (မြန်မာပြည်အပြင်မှာ ဟိုစဉ်ကတည်းက နေလာသူတစ်ယောက်ရဲ့ အမြင်လို့ စကားခံထားပါတယ်) ဒီစာအုပ်ကို ဒီဘက်ကလူတွေဖတ်ကြည့်ပြီးရင်လည်း အကျွတ်တရားတွေရသွားမှာလည်း မဟုတ်ဘူး၊ ဒီထက် ထူးခြားဆန်းကျယ် အံ့သြစရာအတွေးအခေါ်တွေနဲ့ နေထိုင်ပြုမူပုံတွေ များလွန်းတဲ့ ဒေသမှာ.. တစ်ခုခုဖြစ်တိုင်း စိတ်လှုပ်ရှားရမယ်ဆိုရင် ရူးသွားကြရုံပဲ ရှိမှာမို့၊ ဒီဘက်ကလူတွေ ရိုမန်းဘော့ထ်ကို ဖတ်မိမယ်ဆိုရင်လည်း ပခုံးတစ်ချက်တွန့်လိုက်ပြီး ကိုယ့်အလုပ်ကို ဆက်လုပ်သွားကြမှာပဲ ဖြစ်တယ်။ ဒါ့အပြင် ဒီစာအုပ်က ယောင်္ကျားတွေကို မုဒိန်းသမားတွေဖြစ်သွားအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း မထင်ဘူး၊ ဒီစာအုပ်က ရိုးရိုးသာမန် စိတ္တဇ ဝတ္ထုတစ်ခုထက်ပိုပြီး ဘာမှ ဒီလောက်ကြီး တုန်လှုပ်နေစရာ အကြောင်းမရှိဘူးလို့ ထင်တယ်။
အောင်ရင်ငြိမ်း၊ ထုတ်ဝေသူနဲ့ အပေါင်းအပါတွေကို စုံစမ်းစစ်ဆေး တရားစွဲမယ်ဆိုရင်တော့ တော်တော်လေးကို မရင့်ကျက်/ကလေးဆန်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်သွားနိုင်တယ်..။ နို့ဆီဗူးခွံထဲက အလိပ်လိုက်အလုံးလိုက် ရှုပ်ထွေးပွေလီနေတဲ့ တီကောင်လုံးကြီးကို တစ်ကောင်စီ ခွဲချလိုက်ရင်ကမှ ပိုပြီးလွယ်ကူးနိုင်ဦးမယ်။ ဒီတစ်ခုကို စလိုက်တာနဲ့ အနုပညာလောကမှ ကျန်သူတွေပါ ကိုယ်ထောင်တဲ့ ထောင်ချောက်ထဲ အကုန်တန်းစီဝင်သွားနိုင်တယ်ဆိုတာကိုလည်း ရေရှည်အတွက် တွေးစေချင်တယ်။
တစ်ကယ်ကတော့ အောင်ရင်ငြိမ်းရဲ့ စာအုပ်ကို မဖတ်ချင်သူတွေ မဖတ်နဲ့၊ ဖတ်ပြီးရင်လည်း ဝေဖန်လို့ရတယ်၊ မဖတ်သေးဘဲနဲ့တောင် ကြားဖူးနားဝနဲ့ ဝေဖန်လို့ရတယ်၊ ပက်ပက်စက်စက်လည်း ဆဲဆိုနေကြတယ်၊ ဒါလူ့အခွင့်အရေးလို့ ဆိုရမလား (မေးခွန်းထုတ်တာပါ)။ ရေးရဲသူကရေးတယ်၊ ထုတ်ဝေရဲသူက ထုတ်ဝေတယ်၊ ဖတ်ရဲသူတွေကဖတ်တယ်၊ ဝေဖန်ရဲသူတွေက ဝေဖန်ရဲတယ်။ ဒါ ဒီမိုကရေစီရဲ့ အစွယ်အပွား သေးသေးလေးကို ခံစားနေကြရတာလို့ ဆိုကြရမှာလား.………. ။
တရားစွဲမယ်ဆိုရင်တော့ ရိုမန်းဘော့ထ် ထက် ဆိုးဝါးတဲ့၊ ပျော့ပျော့လေးနဲ့ အဆိပ်ပြင်းတဲ့ မြန်မာစာပေလောကထဲက အဆိပ်စာအုပ်တွေ အများကြီးကိုကော ဘယ်လို ကိုင်တွယ်ကြမှာလဲလို့ ဒီလူမှုအသိုင်းဝိုင်းကို ကျမ မေးခွန်းထုတ်ချင်တယ်။ ရိုမန်းဘော့ထ်ကမှ ၁၈နှစ်အထက်များသာလို့ ရေးသားထားသေးတယ်။ အဲဒီအဆိပ်စာအုပ်တွေက ဒါအဆိပ်စာအုပ်ပါလို့ မကြေငြာဘဲ၊ လူထုထဲကို အဆိပ်တဖြည်းဖြည်း ထိုးသွင်းနေကြတာတွေကိုကော မပြောကြတော့ဘူးလား လို့လည်း မေးခွန်းထုတ်ချင်ပါတယ်။
မိန်းမတွေကို နှိမ်ထားတဲ့ စာအုပ်တွေ၊ မသိမသာဖိနှိပ်အောင် ရေးထားခဲ့တဲ့ စာအုပ်တွေ၊ ဘာသာရေး၊ နိုင်ငံရေး မသိမသာ လှုံဆော်နိုးဆွထားတဲ့ စာအုပ်တွေ၊ တရားမျှတမှု မရှိတဲ့ အတွေးအခေါ်တွေနဲ့ လူထုကို အဆိပ်ဖြစ်စေတဲ့ စာအုပ်တွေ၊ လူတွေရဲ့ စိတ်ကို တစ်ခါမှ မငြိမ်းချမ်းစေတဲ့ အတွေးခေါ်တွေနဲ့ ပြည့်နှက်နေတဲ့ စာတွေ သမိုင်းထဲမှာ အများကြီးရှိခဲ့တယ်။ အချို့စာအုပ်တွေဆိုရင် အရွယ်မတိုင်ခင် ရည်းစားထားတတ်အောင် သင်ပေးတဲ့ စာအုပ်တွေတောင် ရှိလိုက်သေးတယ်။ ထိုစာအုပ်တွေကို ထုတ်တဲ့ ထုတ်ဝေသူတွေကိုကော ဒီလူမှုအသိုင်းဝိုင်းက ဘယ်လို အရေးယူမယ် စိတ်ကူးထားသလဲ။ ကျမ မေးခွန်းထုတ်ချင်တယ်။
သူတစ်ပါးရှာဖွေလေ့လာထားတဲ့ အတွေးခေါ်တွေကို ပြောင်ပြောင်တင်းတင်းယူရုံမက၊ မိမိအတွေးအခေါ်လိုလို စင်ပေါ်တက်ပြီး ဆရာကြီး လုပ်ခဲ့သူတွေ၊ ပြည်သူလူထုကို ခိုးယူထားတဲ့ စာတွေနဲ့ လိမ်ခဲ့တဲ့ စာပေအသိုင်ဝိုင်းက ဆရာဆိုသူတွေ… သူများစာတွေကို အခွင့်မရှိဘဲ ယူချင်သူလို ယူပြီး ဘာသာပြန်ကာ ဂုဏ်သိက္ခာမျှဝေယူတဲ့ စာရေးဆရာအမည်ခံတွေ၊ နိုင်ငံတကာ စည်းမျဉ်း နဲ့ ကြည့်မယ်ဆိုရင် စာပေသိက္ခာမရှိသူတွေကိုကော ဘယ်လိုကိုင်တွယ်ကြမလဲ။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက်တွေကို မသိမသာ မိန်းမူးစေတဲ့ ရုပ်ရှင်တွေ ဂီတတွေကို ဖန်တီးထုတ်လုပ် ဖြန့်ဝေသူတွေကိုကော ဒီလူမှုအသိုင်းအဝိုင်းက ဘယ်လိုကိုင်တွယ်မလဲ။
စင်ပေါ်က လှုပ်လီလှုပ်လဲ့ တွန့်လိမ်ကွေး ဂီတအနုပညာတွေ၊ ယုတ်စွအဆုံး ပြက္ခဒိန်ရိုက်ရင်တောင် မိန်းမတွေရဲ့ လိင်ပိုင်းဆိုင်ရာဖြစ်တဲ့ တင်နဲ့ရင်ကို အသားပေးပြီး ရိုက်ကူးခဲ့တဲ့ ပြက္ခဒိန်တွေ၊ မြန်မာပြက္ခဒိန်တွေနဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေ၊ မြန်မာ့မော်ဒယ်တွေဆိုရင်လည်း မျက်နှာတောင် မမြင်ရဘူး၊ ရင်ကော့ တင်ကားပြနေတာ ဖြတ်သွားလို့ ဖျတ်ကနဲမြင်ရရင်တောင် ရှက်စရာကောင်းကြပါတယ်။ အဲသလို မြင်သူတောင် ရှက်စရာကောင်းအောင် တစ်ချိန်လုံး ကော့ကားလန်ပြ၊ စသဖြင့် အနုပညာကို ခုတုံးလုပ်ထားပြီး ငွေရှာသူတွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းတွေ။
အဲဒါတွေကိုကော ဒီလူမှုအသိုင်းဝိုင်းက ဘယ်လို အရေးယူမယ် စိတ်ကူးထားသလဲ။ ကျမ မေးခွန်းထုတ်ချင်တယ်။
ရိုမန်းဘော့တ်ကိုဖတ်ပြီးတော့ အခြား မိန်းမတွေ လိင်စိတ်နိုးကြားတက်ကြွသလားတော့ ကျမ မသိဘူး။ ကျမအနေနဲ့ကတော့ လိင်စိတ်မဆိုထားနဲ့၊ လင်စိတ်သားစိတ်တောင် ကုန်သွားတာပါပဲ။ ယောင်္ကျားတွေကို တော်တော် နံပြတ် သွားသလို၊ မိန်းမတွေကိုလည်း တော်တော်လေး စိတ်ကုန်သွားတယ်။ ရိုမန်းဘော့တ် ဖြစ်နေလို့ပဲ တော်တော့တယ်လို့ ပြောရမယ်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း လိင်ဆက်ဆံမှုမှရတဲ့ ရောဂါဖြန့်ဝေသူတွေအနေနဲ့တောင် ခပ်ဝေးဝေးက ရှောင်ရမယ့် သူတွေ။
လူ့အသိုင်းအဝိုင်းမှာ ဒီလိုယောင်္ကျားတွေ ဘယ်လောက်များနေမလဲ ဆိုတာကိုလည်း သိသာစေတယ်၊ ထို့အတူပဲ စိတ်ဓာတ်ပျော့ညံ့လွန်းတဲ့ “အချစ်” ဆိုပြီး “လိင်” ကို ကိုးကွယ်နေတဲ့ မိန်းမတွေလည်း အများကြီး ရှိနေမှာပဲ ဆိုပြီး တော်တော်လေးကို စိတ်ကုန်မိတယ်။ နှာခေါင်းတစ်ကယ်ကို မရှိကြတော့ဘူးလားလို့လည်း ကိုယ့်အမျိုးသမီးထုတစ်ခုလုံးကို ရင်ဘတ်ထု မေးလိုက်ချင်တဲ့ စိတ်တောင်ဖြစ်တယ်။
ကျမတို့ တစ်ကယ်ကို နှာခေါင်းရှိစေချင်တယ်။
တစ်ချိန်တည်းမှာပဲ “အချစ်” မရှိတဲ့ ဆက်ဆံရေးကြီးထဲမှာ ခန္ဒာကိုယ်လိုအပ်ချက်ကို ဖြည့်ဆည်းနေကြရတဲ့ သနားစရာ လူသားတွေလို့ပဲ မြင်လာမိတယ်။ ကိုယ်ခန္ဒာကို ရောင်းစားကြရရှာတဲ့ ညဌက်မတွေကိုလည်း တန်းစီမြင်ယောင်လာပြီး သနားစိတ်၊ ရွံရှာစိတ်၊ အော့နှလုံးနာစိတ်တွေ ဖြစ်လာတာပါပဲ။ အထူးသဖြင့် ရိုမန်းဘော့ထ်ဟာ နောက်ထပ်ဘဝတူ ရိုမန်းဘော့ထ်ကို တွေ့ချိန်မှာ စကားပြောချင်စိတ်တွေ တဖွားဖွားဖြစ်နေတဲ့ အခန်းမှာ ကျမ ယောင်္ကျားတွေကို တော်တော်သနားသွားတယ်။ အိမ်မှာ မိန်းမတွေ ကလေးတွေရှိပါရဲ့နဲ့၊ အိမ်ကမိန်းမ၊ ကလေး၊ စီးပွားရေး အိမ်ကိစ္စတွေကို စိတ်မဝင်စားနိုင်ဘဲ၊ အခြားငယ်ငယ်ရွယ်ရွယ် မိန်းမတစ်ယောက်ယောက်ကို စိတ်ဝင်စားနေရရှာတဲ့ အသက်ကြီးကြီးယောက်ျားကြီးတွေ၊ ကာရာအိုကေမှာ ပျော်ပါးရရှာတဲ့ ယောင်္ကျားတွေရဲ့mid-life crisis တွေကိုလည်း ခံစားလိုက်ရသလိုပဲ၊ အထီးကျန်ဆန်လှချည့်၊ ဘဝအဓိပ္ပာယ်မဲ့လှချည့်။
အပျိုလေးတွေအနေနဲ့ (အများစု) ကတော့ စာအုပ်ဖတ်မိပြီး၊ ဝတ္ထုထဲက ရိုမန်းဘော့ထ် တစ်ချိန်လုံးအော့အန်နေသလို ရိုမန်းဘော့ထ်နဲ့အတူ အပြိုင်ကို တစ်ကယ်ကို အော့အန်ချင်မှာပဲ။ အချစ် ဆိုတာကိုလည်း တော်တော်ကြောက်သွားမယ်။ ကိုယ်မချစ်မနှစ်သက်သူနဲ့ အတူနေရရင် တော်တော်ကို အော့အန်ချင်စရာကောင်းမယ်ဆိုတာကိုလည်း ရိုမန်းဘော့ထ်က ပြသထားတယ်လို့လည်း ကျမ ခံစားရတယ်။ (လူဆိုတာကလည်း မိမိစိတ်နဲ့ဘဲ နှိုင်းတတ်ကြတော့ ဒီလိုပဲဖြစ်မယ်လို့ ကျမထင်နေချိန်မှာ၊ ရိုမန်းဘော့ထ် စာအုပ်ဖတ်ပြီး ကာမစိတ်ဖြစ်သူတွေလည်း ရှိချင်ရှိမှာပေါ့)
နောက်တစ်ခုက ရိုမန်းဘော့ထ်ကို ဝေဖန်ကြရင်း ‘နိုင်ငံခြားကို တုပရင် သူတို့ရဲ့ စီးပွားရေး၊ ကျန်းမာရေးကို တုပ ပါ’ ဆိုပြီး ပြောတတ်ကြသေးတယ်။ “အနောက်နိုင်ငံရဲ့ အတွေးအခေါ်” တွေဆိုပြီးတော့လည်း ဝါးလုံးနဲ့သိမ်းယမ်းတတ်ကြသေးတယ်။
ထိုသူတွေပြောတဲ့ နိုင်ငံခြား ဆိုတာ တိုးတက်နေတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ပြောတယ်လို့ ကျမ ယူဆပါတယ်။
ထို နိုင်ငံခြားတိုင်းပြည်တွေဟာ တိုးတက်တယ်ဆိုကတည်းက အကြောင်းရှိတယ်။ ကျမတို့ကိုယ်တိုင် နိုင်ငံခြားကို မရောက်လာခင်က၊ ဘာဘောင်အတားအဆီးမရှိတဲ့ သူတွေ၊ ဖြစ်ချင်ရာဖြစ်နေသူတွေ လို့ ထင်ခဲ့တယ်။ လမ်းပေါ်မှာ ပေါ်ချင်တိုင်းပေါ်၊ ဒုန်းဒုန်းဒက်ဒက်နဲ့ သေနတ်တွေနဲ့ ပစ်ချင်တိုင်း ပစ်၊ လူကြီးသူမ မရိုသေတဲ့ သူတွေ…. အဲသလိုထင်အောင်လည်း ဦးနှောက်လျှော်ဖွတ်ခြင်း ခံခဲ့ကြရတယ်။
 (လမ်းဘေးဘီယာဆိုင် မှိုလိုပေါက်တဲ့ တိုင်းပြည်/မြို့တွေက လာတဲ့ မြန်မာလူငယ်တွေဟာ အဲဒီတိုးတက်ပါတယ်ဆိုတဲ့ တိုင်းပြည်တွေရဲ့ 7/11 ဆိုင်တွေမှာ ဘီယာရောင်းတယ်ထင်ပြီး လိုက်ရှာဝယ်ကြတဲ့ ဇာတ်လမ်းတွေ ကြားဖူးတယ်။ ခက်တာက အဲဒီအနောက်နိုင်ငံတွေမှာ ဘီယာဆိုင်တယ် မြို့နယ်တစ်ခုမှ ဘယ်နှစ်ဆိုင်ပဲ ဖွင့်ရမယ်ဆိုတဲ့ ကန့်သတ်တားဆီးချက် ရှိပါတယ်။
ဘယ်သူတွေက အနောက်နိုင်ငံအကြောင်းကို အခုလိုတွေ မကောင်းတာချည်းပဲမြင်အောင် ရေးသားပြောဆိုလို့၊ သတင်းမှားတွေပေးလို့ ကိုယ့်လူမျိုးအချင်းချင်းကို ဦးနှောက်လျှော်ဖွပ်နေကြတာလဲ။ ဘာဖြစ်လို့လည်း၊ ကောင်းတာတွေ၊ သူတို့စည်းကမ်းရှိတာတွေ၊ ကြိုးစားတာတွေ၊ တီထွင်တတ်တာတွေ၊ ကူညီတတ်တာတွေ၊ တိကျမှန်ကန်စွာအလုပ်လုပ်တာတွေကို ဘာဖြစ်လို့ မပြောကြတာလဲ။ ပြောတဲ့သူတွေကကော ဘယ်လိုလူမျိုးတွေလဲ၊ အနောက်နိုင်ငံကို တစ်ခါမှ မရောက်ဘူးဘဲ ကြားဖူးနားဝ စိတ်ကူးနဲ့မှန်းပြောတာလား။ ရောက်ဖူးတယ်ဆိုရင်ကော ဘယ်လောက်ကြာကြာရောက်ဖူးတာလဲ၊ နှစ်ပတ်လောက် စီမီနာလာတတ်သူတွေလား၊ နှစ်နှစ်လောက် ဘွဲ့လွန်လာတက်သူတွေလား၊ ၄နှစ်လောက် ကျောင်းလာတတ်သူတွေလား၊ ခြောက်လလောက် ခဏလေး လာလည်သူတွေလား၊ ၅ နှစ်လောက် အလုပ်လာလုပ်သူတွေလား။
နေနေတဲ့လူတွေက ပြောတာဆိုရင်လည်း အလုပ်လုပ်ရင်း နေနေတဲ့သူတွေက ပြောကြတာလား၊ အလုပ်မလုပ်ဘဲ အိမ်မှာပဲ နေနေရင်း society တစ်ခုကို ပေတံတိုင်းတတ်သူတွေက ပြောကြတာလား၊ ထိုနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ သူတွေကပြောတယ်ဆိုလည်း ဘယ်လိုအလုပ်အကိုင်မျိုးကို လုပ်နေသူတွေက အနောက်နိုင်ငံတို့ နိုင်ငံခြားဆိုတာတွေရဲ့ အကြောင်းကို ဘယ်ပေတံ ဘယ်ရှုထောင့်ကနေ ပြောနေတာလဲ၊ ဘယ်လိုအလွှာတွေမှာ ကျင်လည်နေရင်း ပြောတာလဲ စသဖြင့် မေးခွန်းထုတ်စရာတွေ ရှိပါတယ်။
ဟောလီးဝုဒ်ရဲ့ သွေးဆောင်းဖျားယောင်းမှုတွေ၊ အနုပညာကို ခုတုံးလုပ်ငွေရှာကြသူတွေရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကိုကြည့်ြ့ပီး နိုင်ငံခြားဆိုတာ ဒါပဲဟဲ့၊ တူချင်လို့ လိုက်ပြီးစမ်းလုပ်ကြည့်ရအောင်ဆိုတဲ့ အတွေးတွေနဲ့ ရွှေသမင်အလိုက် မမှားကြစေချင်ဘူး။
တိုင်းပြည်တိုင်းမှာ လိုအပ်ချက်ဆိုတာ ရှိကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီတိုးတက်တယ်ဆိုတဲ့ တိုင်းပြည်က လူအများစုဟာ စည်းကမ်းအလွန်ရှိတဲ့ လူတွေဖြစ်တယ်။ ကိုယ်ကိုတိုင် နိုင်ငံခြားဆိုတာ မရောက်ခင်က၊ နိုင်ငံခြားကလူတွေဆို ရုပ်ပိုင်းဆိုင်ရာပဲ ပြည့်စုံတယ်၊ စိတ်ပိုင်းဆိုင်ရာ ဘာမှမပြည့်စုံဘူး၊ ကိုယ်တို့တွေသာလျှင် ယဉ်ကျေးသိမ်မွေ့တယ်၊ ဘာသာတရားကိုင်းရှိုင်းတယ်၊ အလှူအတန်းရက်ရောတယ်၊ အဲသလိုကို ထင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးတိုင်းပြည်ဆိုပြီးတောင် ကြွေးကြော်ချင်လိုက်သေးတာ။
နိုင်ငံခြားကမိဘတွေဆိုလည်း သားသမီးတွေကို ၁၈နှစ်ဆိုရင် အိမ်ပေါ်က ကန်ချလိုက်တာပဲ၊ သားသမီးတွေဆိုလည်း မိဘကို လူအိုရုံကို ပို့ပစ်လိုက်တာပဲ၊ တစ်ခါမှ မကြည့်ဘူး ဆိုတဲ့ အတွေးအခေါ်တွေကို ရိုက်သွင်းခြင်း ခံခဲ့ရတယ်။
နိုင်ငံခြားမှာ ရောက်တာ ၁နှစ်လောက်နဲ့ လူ့အသိုင်းဝိုင်းတစ်ခုကို အကြောင်းကို ချက်ခြင်း မသိနိုင်ပါဘူး။
ကြာကြာဝါးမှ ချိုလား ခါးလားကို သိသလို…. အဲဒါတွေ မှန်သလား မှားသလားဆိုတာ အနေကြာမှ သိမှာပါ။
လက်လှမ်းမှီသမျှ ဒီနိုင်ငံခြားက မိဘတွေဆိုတာ သူတို့ သားသမီးတွေ ၁၈နှစ် မပြည့်ခင်မှာ သိသင့်တတ်သင့်တာတွေကို တတ်နိုင်သမျှ (သူတို့ဘ၀နဲ့ ရင်းပြီး) အကုန်ပေးတတ်ပါတယ်။ မြန်မာပြည်မှ သူငယ်ချင်း မိဘတွေနဲ့ နိုင်ငံခြားက နီးစပ်ရာ သူငယ်ချင်းမိဘတွေမိဘတွေ ယှဉ်ရင်တောင် မတူပါဘူး။ ပေးဆပ်မှုက မတူပါဘူး။ မှန်တယ် မှားတယ်ဆိုတာထက် ဖြစ်နေတဲ့ အတိုင်းကို ပြောတာပါ။ ဒီဘက်မှာကလည်း ပိုပြီး ဖြည့်ဆည်းနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ပဲ ပြောပါရစေ။ (မိဘတိုင်းဟာ သားသမီးတွေအတွက် အကောင်းဆုံးဖြစ်စေချင်ကြတာချည်းပဲမို့ စေတနာစိတ်ကတော့ ယှဉ်လို့ရပါတယ် - အခြေအနေတွေကြောင့်သာ သားသမီးတွေကို မပေးဆပ်နိုင်ကြတာပါ)
အရှည်ကြီးတွေ မရေးချင်တဲ့အတွက်… သူတို့ရဲ့ ကလေးတွေဟာ ၁၈နှစ် ပြည့်ပြီဆိုတာနဲ့ အိမ်ပေါ်က ကန်ချမယ်ဆိုလည်း ကန်ချလို့ ရနေပါပြီ၊ သူတို့ဘာသာ ရပ်တည်နိုင်လောက်အောင် ..
သုတိ သမ္မုတိ သင်္ချာ စ၊
ယောဂါနီတိ ၀ိသေသကာ။
ဂန္ဓဗ္ဗာ ဂဏိကာ စေ၀၊
ဓနု ဗေဒါ စ ပူရဏာ၊
တိကိစ္ဆာ ဣတိဟာသော စ၊
ဇောတိ မာယာ စ ဆန္ဒတိ။
ကေတု မန္တာ စ သဒ္ဒါ စ၊
သိပ္ပါဋ္ဌာရသကာ ဣမေ။
စတဲ့ ၁၈ရပ်နဲ့ ပြည့်နေပြီလို့ပဲ ဆိုပါရစေ။
သူတို့ ကလေးတွေကိုလည်း အရမ်းတန်ဘိုးထားပြီး ကာကွယ်တတ်ကြပါသေးတယ်။ အစိုးရကိုယ်တိုင်က အနာဂတ်ရဲ့ ကြယ်ပွင့်တွေကို ဖူးဖူးမှုတ်ထားတာပါ။ အဲသလို သက်ဆိုင်ရာတွေက တာဝန်ယူဖို့ ပျက်ကွက်တယ် ဆိုရင်တောင်၊ လူမှုအသိုင်းဝိုင်းတစ်ခုလုံးက သူတို့ကလေးတွေ လိုတာကို ဝိုင်းဖြည့်ဆည်းသွားတတ်ပါတယ်။
ဒါကသားသမီးအပိုင်း…
နိုင်ငံခြားတွေမှာ မိဘတွေကိုလည်း သားသမီးတွေက ပစ်ထားတယ်၊ မကြည့်ဘူး၊ လူအိုရုံပို့ပစ်လိုက်တာပဲ ဆိုပြီး ထင်သလိုပြောတာတွေကလည်း မမှန်ပါဘူး။ လူအိုရုံဆိုတာလည်း အပေါစားလူအိုရုံတောင် မိဘကို သွားထားဖို့ တစ်လကို ဒေါ်လာနှစ်ထောင်ခန့် ပေးရတတ်ပါတယ်။ တစ်လကို ဒေါ်လာ ရှစ်ထောင်မှ တစ်သောင်းခွဲထိ တန်တဲ့ လူအိုရုံတွေ (ကိုယ်တွေ့ဖြစ်ရပ်တွေ) ကို ကြယ်စင်ဆယ့်တစ် ဝတ္ထုစာအုပ်ထဲမှာလည်း ရေးထားလို့ ကျမ ထပ်မကျော့ချင်တော့ပါဘူး။ (ကျမသူငယ်ချင်းတွေထဲမှာ သူတို့မိဘ နေမကောင်းလို့ အလုပ်ပြုတ်ခံပြီး စောင့်လျှောက်သူတွေ အများကြီး ရှိပါတယ်) လူအိုရုံအကောင်းစားတွေမှာ နေရပေမယ့် အဘိုးကြီးအဘွားကြီး တစ်ဦးတည်း အထီးကျန်ဆန်နေရှာမှာပေါ့ ဆိုရင်၊ မိမိပတ်ဝန်းကျင်မှာ အသက်ကြီးလို့ အိမ်ရှေ့မှာ ဝေဝေဝါးဝါး အရောင်မဲ့ မျက်လုံးတွေနဲ့ ငေးမောတွေဝေအထီးကျန်နေရရှာတဲ့ အဘိုးအဘွားတွေ၊ ဟိုနေ့ကဖတ်လိုက်ရသလို ဈေးနားမှာ လာပစ်ထားလို့ သတိမရတချက်၊ ရတစ်ချက်ဖြစ်နေတဲ့ အဘိုးအဘွားတွေလည်း မြန်မာပြည်မှာ ရှိပါတယ်။ ဒီလိုဖြစ်လို့ မြန်မာတစ်ပြည်လုံးမှာ အဘိုးအဘွားအသက်ကြီးရင် လမ်းဘေးမှာ သွားပစ်လိုက်တာပဲလို့ ဆိုလို့ မရပါဘူး။ လူမှုအဖွဲ့အစည်းတစ်ခုကို မြင်တာလေးတစ်ခုထဲကိုကွက်ပြီး၊ ပြောလို့မဖြစ်ပါဘူး။
*********
နိုင်ငံခြားဆိုတာ ရုပ်ပိုင်းဆိုင်ရာပဲ ပြည့်စုံတယ်၊ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံဘူးဆိုတဲ့ အပြောတွေကလည်း မမှန်ပါဘူး။ အနောက်နိုင်ငံအတွေးအခေါ်တွေထည့်ထားတဲ့ ရိုမန်းဘော့တ် ဆိုတာလည်း အကုန် မမှန်ပါဘူး။ ဒီဘက်တွေမှာ Angry Bird တောင်မှ ကြမ်းတယ်ရိုင်းတယ်ဆိုပြီး ကလေးတွေအတွက် TV မှာ မပြတဲ့ တိုင်းပြည်ပါ။ ဆဲဆိုတဲ့ ရုပ်ရှင်ကားတွေ၊ သွေးသံရဲရဲကားတွေကို ကလေးငယ်လေးတွေ အိပ်ချိန်လွန် ည ၉း၀၀ ကျော်မှ ပြပါတယ်။ မြန်မာပြည်မှာ နေ့နေ့ညညပြတဲ့ သွေးသံရဲရဲ ကိုရီးယားကားမျိုးတွေ ဒီမှာ တစ်ခါမှ နေ့ခင်းကြောင်တောင် မမြင်ရတတ်ပါဘူး။ လိင်နဲ့ပတ်သက်တဲ့ ကားတွေကို မိသားစုချယ်နယ်တွေမှာ ဘယ်တော့မှ မပြတဲ့အပြင်၊ အပေါ်ပိုင်းပေါ်တဲ့ကားတွေတောင် ညသန်းခေါင်ကျော်မှ ပြလေ့ရှိပါတယ်။ ဒါတောင်မှ ဘယ်ချယ်နယ်ဆိုပြီး သပ်သပ်ခွဲချထားပါတယ်။ အဲသလို စည်းကမ်းရှိတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။
ရိုင်းတဲ့၊ ကြမ်းတမ်းတဲ့၊ ညစ်ညမ်းတဲ့ material (သီချင်းတွေ၊ စာတွေ ၊ ရုပ်ရှင်တွေကို) Obscenity, Indecency နဲ့ Profanity ဆိုပြီး စနစ်ကျစွာ အပိုင်းသုံးပိုင်းခွဲထားပါတယ်။
ပထမအဆင့် profanity (ရိုင်းစိုင်းခြင်း) ကို မြန်မာလို အနီးစပ်ဆုံး အဓိပ္ပယ်ပြန်ရမယ်ဆိုရင် သောက် ဒါမှမဟုတ်လဲ F နဲ့စတဲ့ဟိုစကားလုံး လေးလုံးမျိုးဖြစ်ပါတယ်။ အဲသလို စကားလုံးမျိုးတွေပြည့်ဝနေတဲ့၊ အဖန်တလဲလဲ သုံးနေတဲ့ material တွေဟာ profanity category ထဲမှာပါပါတယ်။ အဲသလို .. profanity category ထဲမှာပါတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို ဒီမိုကရေစီတိုင်းပြည် အချို့တွေမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာ နံနက် ခြောက်နာရီမှ ည ဆယ်နာရီအတွင်း လွှင့်ခွင့်မပေးပါဘူး။
ဒုတိယအဆင့် Indecent (မဖွယ်မရာ) ဖြစ်တဲ့ သီချင်း၊ ရုပ်ရှင်တွေကတော့ လိင်ကိစ္စများပါတဲ့ သီချင်း၊ ရုပ်ရှင်များဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်များ၊ သီချင်းများကိုလည်း သက်ဆိုင်ရာများက ရုပ်မြင်သံကြားများနဲ့ ရေဒီယိုများကို ကလေးများကြည့်နိုင်တဲ့၊ နားထောင်နိုင်တဲ့ နံနက် ၆ နာရီမှ ည၁၀နာရီအထိ လွှင့်ခွင့်မပေးပြန်ပါဘူး။
တတိယအဆင့် Obscenity ကိုတော့ လွှင့် ခွင့်မပေးပါဘူးလို့ဆိုပါတယ်။ သီချင်း၊ ရုပ်ရှင်များကို ဒီတတိယညစ်ညမ်းဆင့်အထိ သတ်မှတ်တဲ့အခါမှာလဲ ဒီတိုင်းသတ်မှတ်လိုက်တာ မဟုတ်ဘဲ၊ အချက်သုံးချက်နဲ့ ပြည့်စုံရပါတယ်။ ပထမအချက်အနေနဲ့ ရာဂကို လှုံ့ဆော်ရမယ်၊ ဒုတိယအချက်အနေနဲ့ လိင်မြင်ကွင်းတွေပါရမယ် (လိင်မြင်ကွင်းဆိုတာတောင်မှ ချမှတ်ထားတဲ့ ဥပဒေသအတွင်းက ဒါ လိင်မြင်ကွင်း လို့ သတ်မှတ်မှ သတ်မှတ်လို့ ရပါတယ်လို့ ဆိုပါတယ်)။ တတိယအချက်ကတော့ ဒီ ရုပ်ရှင် သို့မဟုတ် သီချင်းဟာ လေးနက်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ သိပ္ပံ၊ နိုင်ငံရေး နဲ့ အနုပညာ တန်ဘိုး လုံးဝမပါတာပဲဖြစ်ပါတယ်။ ဒါကြောင့် material တစ်ခုဟာ ပထမ အဆင့်ကော၊ ဒုတိယအဆင့်နဲ့ကော ညိနေပြီဆိုပါတော့၊ ဒါတောင် တတိယအဆင့်နဲ့ မညိဘူးဆိုရင်၊ ဥပမာ.. သိပံ္ပကို အားပေးနေတာ (scientific value) ဖြစ်တယ်ဆိုရင်၊ အနုပညာတစ်စုံတစ်ရာ(artistic merit) ပါဝင်နေတယ်ဆိုရင်၊ obscenity category ထဲကို ဆွဲသွင်းလို့ မရပါဘူး။ ဒီသုံးမျိုးလုံးနဲ့ ညိမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ Obscenity ထဲကိုထည့်လို့ရပါတယ်။
ဒါကိုကြည့်ခြင်းများဖြင့် အဆင့်သုံးဆင့်နဲ့ ဒီလိုသီချင်း၊ ရုပ်ရှင်တွေ၊ စာစောင်တွေကို ထိန်းသိမ်းထားတာကို တွေ့နိုင်ပါတယ်။ ဘာမဆို အရမ်းပိတ်ပင်တားဆီးတာမျိုး ဒီမိုကရေစီ နိုင်ငံအချို့က ရှောင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်ချင်တိုင်းဖြစ် လွှတ်ထားတာမျိုး မဟုတ်ပါဘူး။ တတ်နိုင်သမျှ ပထမအဆင့်အနေနဲ့ regulate, ဒုတိယ restrict လုပ်ပြီးတော့မှ နောက်ဆုံးအဆင့်အနေနဲ့ ဘယ်လိုမှ မရတော့မှ prohibit (ပိတ်ပင်) လေ့ရှိကြပါတယ်။
တစ်စုံတစ်ရာကို ပိတ်ပင်တားဆီးလိုက်တဲ့ နည်းလမ်းဟာ တစ်ကယ်တော့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ ဘာမှလဲ သိပ်ထွေထွေ ထူးထူးစဉ်းစားစရာမလိုဘဲ ပိတ်ပင်လိုက်ခြင်းဖြင့် ပြဿနာတစ်ခုဟာ ရေတိုမှာ လွယ်လွယ်လေးနဲ့ ပြေလည်သွားသယောင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ ရေရှည်အကျိုးသက်ရောက်မှုတွေ၊ ကောင်းကျိုးဆိုးကျိုးတွေကို ထည့်စဉ်းစားကြရမှာဖြစ်ပါတယ်။
အလွယ်တကူပိတ်ပင်တားဆီးလိုက်ခြင်းဟာ တီထွင်ကြံဆတတ်ခြင်း (invention တို့ creativityတို့) ကို ပိတ်ဆို့ထားတဲ့ ပတ်ဝန်းကျင်တစ်ခုကို မွေးဖွားပေးလိုက်တာမျိုးလဲ ဖြစ်တတ်တာကို သတိပြုသင့်ပါတယ်။
ဒီမိုကရေစီစိတ်ဓာတ်ကို မွေးဖွားကြီးထွားစေချင်တယ်ဆိုရင် သူတစ်ပါးရဲ့ rights & freedom ကို လေးစားသင့်တယ်လို့ ဆိုကြပါတယ်။ အခြားသူများရဲ့ မိမိနှင့် လုံးဝမတူညီသော အတွေးအခေါ်၊ ခံယူချက်၊ ထင်မြင်ချက်၊ value၊ စသည်တို့ကိုလည်း လေးစားရမယ်လို့ ဆိုကြပါတယ်။ ဒါကိုပြောလို့ အကုန်လုံးဖြစ်ချင်ရာဖြစ် လွှတ်ပေးလိုက်တာမျိုးမဟုတ်သလို၊ အကုန်လုံးကိုလဲ ပိတ်ပင်တားဆီးထားတာမျိုးလည်း မဟုတ်ပါဘူး။
၁၉၆၀ခုနှစ်တွေတုန်းက Rolling Stone အဖွဲ့ဟာ Let’s spend the night together ကို Let’s spend some time together လို့ပြောင်းဆိုခဲ့ရပါတယ်။ ၁၉၅၀ခုနှစ်တွေတုန်းကလဲ အဲလ်ဗစ်ပရက်စလီရဲ့ ခါးတစ်ဝိုက်ကို ဗီဒီယိုရိုက်ခွင့်၊ ထုတ်လွှင့်ခွင့်မရှိပါဘူး။ ၁၉၉၂ ခုနှစ်မှာတော့ erotic sound recording တွေ ရောင်းချမှုကို ပိတ်ပင်တဲ့ ဥပဒေတစ်ရပ် ၀ါရှင်တန်စတိတ်မှ ထွက်လာပါတယ်။ အသက် ၁၈နှစ်အောက် ကလေးတွေကို ကာကွယ်ရန်ရည်ရွယ်တဲ့ သဘောရှိတယ်။ ၁၉၉၄ မှာတော့ Soundgarden vs. Eikenberry အမှုမှာ အဲဒီဥပဒေကို အခြေခံဥပဒေ နဲ့မညီ (unconstitutional) လို့ ခုံရုံးက သတ်မှတ်လိုက်ပါတယ်။ အခြေခံဥပဒေနဲ့ မညီတာကတော့ erotic ဆိုတဲ့စကားလုံးကို အဓိပ္ပယ်ခွဲခြမ်းလို့ မရလို့ပါလို့ဆိုပါတယ်။
စာကြည့်တိုက်တွေရှိတဲ့ Rule အချို့ကို Burnaby စာကြည့်တိုက်မှူး မစ္စဒေါ့ရစ်ရှမ်းကို ကျမ အင်တာဗြူးစဉ်က ၊ စာကြည့်တိုက်တွေမှာ မိမိနဲ့အတွေးအခေါ်၊ ဘာသာရေးအယူအဆ၊ မတူလို့ဆိုပြီး စာအုပ်တွေကို မဝေမျှဘဲ နေလို့ မရပါဘူးလို့ သူမက ဆိုပါတယ်။ ပြည်သူလူထုကို အကုန်ချပြရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူထုက ကန့်ကွက်တာများလာရင်တော့ အဲဒီစာအုပ်တွေကို challenged books စာရင်းသွင်းပြီး ဖယ်ထုတ်ရင်ဖယ်ထုတ်ရတတ်တယ်လို့လည်း ဆိုပါတယ်။ ကျောင်းစာကြည့်တိုက်တွေမှာတော့ ကျောင်းပေါ်လစီအရ ဘယ်လိုစာအုပ်မျိုးမှ ကျောင်းစာကြည့်တိုက်မှာ ထားခွင့်ရှိတယ်ဆိုတဲ့ စည်းကမ်းတွေ ရှိပါတယ်။ ဒီအပြင် ဆရာ-မိဘ အစည်းတွေကို တက်တက်ကြွကြွ တက်ကြတဲ့ တိုင်းပြည်တွေမှာ၊ မိဘတွေရဲ့ပြောရေးဆိုရာဟာလည်း အလွန်အရေးကြီးတတ်ပါတယ်။ လိင်နှင့်စပ်ဆိုင်သော ညစ်ညမ်းစာအုပ်များ၊ မိမိကိုယ်ကို သေကြောင်းကြံသည့် ဇာတ်လမ်းများပါသော ဝတ္ထုများ၊ ကုန်ကုန်ပြောရရင် ပင်ဂွင်းလေးတစ်ကောင်ကို ပင်ဂွင်းအထီးလေးနှစ်ကောင်က ပြုစုပျိုးထောင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့ ဝတ္ထုကိုတောင် challenged စာရင်းထဲ ထည့်ထားပါတယ်။ အဖေနှစ်ယောက်က ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ ဂေး ဇာတ်လမ်းဖြစ်နေလို့ဖြစ်တယ်လို့ ဆိုကြပါတယ်။
Challenged/banned စာအုပ်တွေထဲမှာ….
  • Gone With the Wind, Margaret Mitchell, 1936
  • The Adventures of Huckleberry Finn, Mark Twain, 1884
  • Catch-22, Joseph Heller, 1961
  • Our Bodies, Ourselves, Boston Women’s Health Book Collective, 1971
  • The Scarlet Letter, Nathaniel Hawthorne, 1850
  • To Kill a Mockingbird, Harper Lee, 1960
  • The Words of Cesar Chavez, Cesar Chavez, 2002
စတဲ့စာအုပ်တွေ အပါအဝင်ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ရဲ့ challenged books စာရင်းကိုလည်း ဖော်ပြခွင့်ပြုပါ။
Out of 307 challenges as reported by the Office for Intellectual Freedom
1. Captain Underpants (series), by Dav Pilkey
Reasons: Offensive language, unsuited for age group, violence
2. The Bluest Eye, by Toni Morrison
Reasons: Offensive language, sexually explicit, unsuited to age group, violence
3. The Absolutely True Diary of a Part-Time Indian, by Sherman Alexie
Reasons: Drugs/alcohol/smoking, offensive language, racism, sexually explicit, unsuited to age group
4. Fifty Shades of Grey, by E.L. James
Reasons: Nudity, offensive language, religious viewpoint, sexually explicit, unsuited to age group
5. The Hunger Games, by Suzanne Collins
Reasons: Religious viewpoint, unsuited to age group
6. A Bad Boy Can Be Good for A Girl, by Tanya Lee Stone
Reasons: Drugs/alcohol/smoking, nudity, offensive language, sexually explicit
7. Looking for Alaska, by John Green
Reasons: Drugs/alcohol/smoking, sexually explicit, unsuited to age group
8. The Perks of Being a Wallflower, by Stephen Chbosky
Reasons: drugs/alcohol/smoking, homosexuality, sexually explicit, unsuited to age group
9. Bless Me Ultima, by Rudolfo Anaya
Reasons: Occult/Satanism, offensive language, religious viewpoint, sexually explicit
10. Bone (series), by Jeff Smith
Reasons: Political viewpoint, racism, violence
အောက်ပါလင့်ကတော့ နိုင်ငံတကာအစိုးရတွေက သူတို့ပြည်သူတွေဖတ်ခွင့်မရအောင် ပိတ်ပင်ထားတဲ့ စာအုပ်တွေပါ။
http://en.wikipedia.org/wiki/List_of_books_banned_by_governments
ကမ္ဘာပေါ်မှာ ရိုမန်းဘော့ထ် လိုစာအုပ်တွေ၊ အဲဒီထက်ဆိုးတဲ့ စာအုပ်တွေ အချီကြီးပေါ်ခဲ့ပါတယ်။ ဝေဖန်မှုတွေ အပြင် challenged list ထဲ ထည့်လို့ ကျောင်းစာကြည့်တိုက်၊ လူထုစာကြည့်တိုက်တွေကနေ ပယ်ချခဲ့ကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တရားစီရင်ရလောက်အောင်တော့ ဖြစ်သင့်သလားဆိုတာပဲ မေးခွန်းထုတ်ချင်တာပါ။
ရိုမန်းဘော့ထ်ကို တရားမစီရင်ခင်မှာ….
ကျမတို့ တိုင်းပြည်ထဲမှာ…. တင်နဲ့ရင်ကိုပဲ ပြတတ်တဲ့ ကော့လန်ကား ပြက္ခဒိန်တွေကို အများပြည်သူ (အထူးသဖြင့် ကလေးတွေ) မြင်နိုင်တဲ့ နေရာတွေကနေ အရင်ဖြုတ်ချပါ။ (မျက်စိယဉ်နေကြလို့သာ၊ မျက်စိမယဉ်သူတွေနဲ့က ဖြတ်သွားဖြတ်လာမြင်ရင်တောင် ဘာတွေကော့ပြနေတာလည်း ရှက်စရာဖြစ်ပါတယ်၊ မယုံမရှိပါနဲ့) မပေါ့်တပေါ် မျက်နှာဖုံးတွေကို ဒီနိုင်ငံကတွေလိုပဲ ပလစ်စတစ်နဲ့ လူတကာ မမြင်ရအောင် အုပ်ပေးပါ။ အနုပညာကိုခုတုံးလုပ်ပြီး တဏှာထနေတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေ ဂီတတွေကို ၁ဂနှစ်တန်သည် တံဆိပ်ကပ်ပေးပါ။ ဒါမှ ဘယ်ဟာကို ဖတ်သင့်၊ ကြည့်သင့်၊ နားထောင်သင့်တယ်ဆိုတာကို ကလေးတွေမိဘတွေနဲ့ ဆရာသမားတွေက သိမှာဖြစ်ပါတယ်။ သွေးသံရဲရဲရုပ်ရှင်ကားတွေ၊ အညှီအဟောက်နဲ့ မလွတ်ကင်းတဲ့ ရုပ်ရှင်ကားတွေကို ကျမတို့ မြန်မာကလေးတွေ မျက်စိရှေ့က ဖယ်ပေးပါ၊ ထိုင်းကနေဝင်လာတဲ့ အဆိပ်တောက် တရားမဝင်အခွေတွေကို ဖယ်ရှားပေးပါ။ လမ်းဘေးက အခွေဆိုင်တွေကို လူမမယ်တွေ ဝင်ချင်တိုင်းဝင်ပြီး ဌားချင်တိုင်း ဌား၊ ကြည့်ချင်တိုင်းကြည့်လို့မရအောင် စည်းကမ်းချပေးပါ၊ လိုင်စင်ပေးပါ။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမငြိမ်မသက်ဖြစ်စေတဲ့၊ လူတွေကို စိတ်ကိုမတည်ငြိမ်အောင် ဆွပေးတတ်တဲ့ အနှောင့်အသွားမလွတ်စာတွေကို ပလစ်စတစ်နဲ့ဖုံးပေးပါ။ အကန့်အသတ်မဲ့ ဖွင့်ထားတဲ့ ဘီယာဆိုင်တွေ၊ မပျက်တပျက်မိန်းမတွေရနိုင်တဲ့ အဲဒီလမ်းကို ဖွင့်ပေးထားတဲ့ ကာရာအိုကေဆိုင်တွေ ကို သေချာလိုင်စင်ချပြီး အကန့်အသတ်နဲ့ စည်းနဲ့စနစ်နဲ့ ကြပ်မတ်ပေးပါ။
အဲဒါတွေပြီးမှ ဟိုနိုင်ငံက ဒီလိုမို့လို့၊ ဒီနိုင်ငံက ဒီလိုမို့လို့ဆိုပြီး ဝေဖန်ကြပါစို့။
အဲဒါတွေပြီးမှာ အောင်ရင်ငြိမ်းကို တရားစီရင်ကြပါစို့။
အရင်ဆုံး ကိုယ့်မျက်စိတွင်းက မျက်ချေးကိုအရင်ထုတ်ပြီးမှာ သူတစ်ပါးမျက်ချေးကို ရှင်းဖို့ ကြိုးစားနိုင်မှာဖြစ်တယ်။
ရိုမန်းဘော့ထ်ကိုတော့ စာအုပ်စင်ပေါ်မှာ ရှိသင့် - မရှိသင့် လူတွေက ဆုံးဖြတ်ခဲ့ကြပြီးပါပြီ။ ဒီစာအုပ်ကို လက်ခံသူတွေလည်း ရှိမယ်၊ အော့နှလုံးနာသူတွေလည်း ရှိမယ်။ စာအုပ်နဲ့စာပါအကြောင်းအရာကိုပဲဖြစ်ဖြစ်၊ ရေးဟန်ကိုပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ရေးသူကိုပဲဖြစ်ဖြစ်၊ လက်ခံချင်သူတွေ စိတ်လွတ်လက်လွတ်လက်ခံ၊ အော့နှလုံးနာသူတွေလည်း စိတ်ရှိလက်ရှိအော့နှလုံးနာနိုင်တယ်၊ ဒါ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ။  လူတွေကိုချပြလိုက်ပြီးပြီမို့ လူတွေကလည်း သူတို့တာဝန် သူတို့ယူသွားခဲ့ပြီ။ ဒီဘက်နိုင်ငံတွေက စကားအရ challenged book ဖြစ်သွားပြီ။
ဒါပေမယ့်…. ရိုမန်းဘော့ထ်ကို ဖန်တီးသူနဲ့ အဖွဲ့ကို တရားစွဲရလောက်အောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့တွေ အချိန်ကုန်ခံ၊ လူပင်ပန်းခံလောက်အောင် ရိုမန်းဘော့ထ် ကို တုန်လှုပ်စရာအကြောင်းရှိသလား၊ ရှိတယ်ဆိုရင် အထက်မှာ ရေးထားတဲ့ ရိုမန်းဘော့ထ် ထက် ဆိုးဝါးတဲ့၊ ပျော့ပျော့လေးနဲ့ အဆိပ်ပြင်းတဲ့ မြန်မာစာပေလောကထဲက အဆိပ်စာအုပ်တွေ၊ မိန်းမတွေကို နှိမ်ထားတဲ့ စာအုပ်တွေ၊ မသိမသာဖိနှိပ်အောင် ရေးထားခဲ့တဲ့ စာအုပ်တွေ၊ ဘာသာရေး၊ နိုင်ငံရေး မသိမသာ လှုံဆော်နိုးဆွထားတဲ့ စာအုပ်တွေ၊ တရားမျှတမှု မရှိတဲ့ အတွေးအခေါ်တွေနဲ့ လူထုကို အဆိပ်ဖြစ်စေတဲ့ စာအုပ်တွေ၊ လူတွေရဲ့ စိတ်ကို တစ်ခါမှ မငြိမ်းချမ်းစေတဲ့ အတွေးခေါ်တွေနဲ့ ပြည့်နှက်နေတဲ့ စာတွေ၊ (မောင်နဲ့နှမ၊ သားနဲ့အမိ အတူတူကြည့်လို့မှ မသင့်တော်တဲ့ အောက်ပိုင်းကကို မတက်တဲ့ ဇာတ်ပွဲပျက်လုံးတွေကို ရေးသားသူတွေ၊ သရုပ်ဆောင်တွေနဲ့ စီစဉ်တင်ဆက်သူတွေ)၊ ဆယ်ကျော်သက်တွေကို မသိမသာ မိန်းမူးစေတဲ့ ရုပ်ရှင်တွေ ဂီတတွေကို ဖန်တီးထုတ်လုပ် ဖြန့်ဝေသူတွေ၊ အနုပညာကို ခုတုံးလုပ်ထားပြီး ငွေရှာသူတွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းတွေကိုကော ဒီလူမှုအသိုင်းအဝိုင်းက ဘယ်လိုကိုင်တွယ်မလဲ လို့ပဲ မေးခွန်းထုတ်ချင်ပါတော့တယ်။

 အိမ့်ချမ်းမြေ့
ref: http://www.ala.org/bbooks/frequentlychallengedbooks/top10

ဝေဖန်မှုတွေကြုံတွေ့နေရသည့် facebook





 သုံးစွဲသူ(၇)သိန်းနီးပါးအပေါ်မှာ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းထွေထွက်ပေါ်ပြီးတဲ့နောက်မှာ facebook ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ facebook  ဟာသုံးစွဲသူတွေရဲ့ News Feed စာမျက်နှာကိုသုံးစွဲသူတွေရဲ့ တုံ့ပြန်မှုခံစားချက်တွေအပေါ် စမ်းသပ်ဖို့အတွက်
စနစ်တကျပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ သုံးစွဲသူတွေရဲ News Feed တင်မှုအလေ့အထတွေကို ခံစားချက်ကနေတစ်ဆင့် ပြောင်းလဲနိုင်မလားလို့ ဆိုတဲ့လေ့လာမှုကို အမေရိကန်တက္ကသိုလ်နှစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 facebook ကုမ္ပဏီကတော့ ဒီစမ်းသပ်ချက်မှာမလိုအပ်ပဲနဲ့ သုံးစွဲသူတွေရဲ့အချက်အလက်ကို စုဆောင်းခဲ့ခြင်းမရှိဘူးလို့  ပြန်လည်ငြင်းဆိုထားပါတယ်။ ဒါ့အပြင်တစ်ဦးတစ်ယောက်ရဲ့  အကောင့်အပေါ်မှာ စုဆောင်းထားတဲ့ အချက်အလက်အသုံးပြုပြီး ထိန်းချုပ်ထားတာမျိုးလည်း မလုပ်ခဲ့ဘူးလို့လည်း ငြင်းဆိုထားပါတယ်။ အဆိုပါစမ်းသပ်ချက်မှာ ဆန်ဖရန်စစ်စကိုအခြေစိုက် ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့ ကော်နယ်လ်တက္ကသိုလ်တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ သုံးစွဲသူတွေကတော့သုံးစွဲသူတွေကိုအသိမပေးဘဲနဲ့ ပြုလုပ်ခဲ့တဲ့စမ်း သပ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုတွေကို  အပြင်းအထန်ဝေဖန်နေကြပါတယ်။

(၂၀၁၂)ခုနှစ်မှာတစ်ပတ်ကြာ လျှို့ဝှက်လုပ်ကိုင်ခဲ့တဲ့ ဒီစမ်းသပ်ချက်မှာသုံးစွဲသူ(၆၈၉၀၀၀)ကို အသုံးပြုပြီးစစ်တမ်းယူခဲ့တာဖြစ်ပြီး စမ်းသပ်ချက်အရ News Feed မှာအနှုတ်လက္ခဏာဆောင်တဲ့ အကြောင်းအရာတွေသိပ်မရှိရင် ကိုယ်တိုင်လည်းအနှုတ်လက္ခဏာဆောင်တဲ့ Post မျိုးတွေတင်တာ ပိုနည်းတယ်လို့သိရှိရပါတယ်။ facebook မှတာဝန်ရှိသူတစ်ဦးကတော့ ဒီစမ်းသပ်ချက်ကို တရားဝင်ကြေငြာမှုမလုပ်ခဲ့တာကို ၀န်ခံပြီးတော့အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။




အဆိပ်ခတ်ခံလိုက်ရတဲ့ အတွေးအခေါ်လွတ်လပ်မှု


မြန်မာလူ့အဖွဲ့အစည်းတစ်ရပ်လုံး ဒီမိုကရေစီဖော်ဆောင်ရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်၊ အတွေးအခေါ်လွတ်လပ်ခွင့်တွေအတွက် ရုန်းကန်လှုပ် ရှားေ နကြတဲ့အချိန်မှာ အောင်ရင်ငြိမ်း ဆိုတဲ့ လူတစ်ယောက်က ကမ္ဘာ့ဒဿနအတွေးအခေါ်တွေကို လိုရာဆွဲကိုးကားပြီး ညစ်ညမ်းစာအုပ်တစ်အုပ်ကို တရားဝင် ထုတ်ဝေ ခဲ့ပါ တယ်။ပိုပြီး စိတ်မကောင်းစရာကောင်းတာက လက်ဝဲစာပေ အားကောင်းခဲ့တဲ့
မြန်မာစာပေဘဏ္ဍာတိုက်ထဲကို ဒီမိုကရက်တစ်စာပေတွေ၊ နိုင်ငံရေးအတွေး အခေါ်ေ တွ ရေးသားထည့်သွင်းပေးနေတဲ့ ကျမ်းကြီးပေါက် ဆရာတစ်ဦးကိုယ်တိုင်က အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်မှာ ဂျာမန်ဒဿနပညာရှင် နစ်ရှေးရဲ့ စာ တချို့ကို ကိုးကားပြီး  အမှာစာရေးပေးခဲ့ပါတယ်။ တကယ်တော့ ဂျာမန်အတွေးအခေါ်ပညာရှင် နစ်ရှေးရဲ့စာတွေဟာ အခုချိန်ထိ အနောက်ဂန္ထဝင်စာပေမှာ ဝိရောဓိဖြစ်စရာ အများကြီး ရှိနေတုန်းပါ။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုး ၆ သန်းကျော်အပါအဝင် ဥရောပတိုက်က ဂျစ်ပစီတွေ၊ လွတ်လပ်စွာ တွေးခေါ်သူတွေ၊ လိင် တူဆက် ဆံ တူတွေ၊ အပြစ်မဲ့သူတွေ သန်းပေါင်းများစွာကို မီးလောင်တိုက်သွင်း သတ်ဖြတ်ခဲ့တဲ့ ဂျာမန်နာဇီပါတီရဲ့ အတွေးအခေါ်တွေဟာ နစ်ရှေးရဲ့စာတွေကို တလွဲ ဖွင့်ဆိုမှု ဆီ မှာ မြစ်ဖျားခံတယ် လို့တောင် ဆိုကြပါတယ်။
ဒါကြောင့် ‘မြန်မာ့စာပေလွတ်လပ်မှုကို အခွင့်အရေးယူပြီး ပေါ်ပေါက်လာတဲ့ ဒီကိစ္စကို စိတ်ဝင်စားတဲ့ စာပေနယ်က ဆရာ၊ ဆရာမတချို့ကို (၁) ဒီလိုမျိုး ဘာကြောင့်ဖြစ် တာလဲ၊ (၂) ရာစုနှစ်တစ်ဝက်လောက် စာပေလွတ်လပ်ခွင့်ချုပ်ချယ်ခံရတဲ့ အကျိုးဆက်လား၊ (၃) နိုင်ငံတကာစာပေမှာ James Joyce  ရဲ့ Ulysses (1922) နဲ့ D.H Lawrence ရဲ့ Lady Chatterley’s Lover(1928)  ရဲ့ ဝတ္ထုတွေလည်း ညစ်ညမ်းစာပေလို့ အစောပိုင်းအနောက်တိုင်းလူ့အဖွဲ့အစည်းတွေက သတ်မှတ်ဖူးတာနဲ့ အခုကိစ္စနဲ့ တူပါသလား၊ (၄) အခုလို ညစ်ညမ်းစာပေတွေဟာ လူ့အဖွဲ့အစည်းပေါ် အကျိုး ဘယ်လိုသက်ရောက်နိုင် မလဲဆိုတဲ့ မေးခွန်းတွေမေးပြီး ကောက်နုတ် ချက်တွေ ဖော်ပြပေး လိုက်ပါတယ်။
အယ်ဒီတာအဖွဲ့
ဆရာသစ္စာနီ
မော်ဒန်ကဗျာဆရာ
နိုင်ငံတကာမှာ ထွက်ခဲ့ဖူးတဲ့ ဂျိမ်းစ်ဂျွိုက်စ်ရဲ့ Ulyssess(1922) တို့လို စာအုပ်တွေဟာ သူတို့အနောက် အဖွဲ့အစည်းတွေမှာကိုပဲ ညစ်ညမ်းစာပေလို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့က ဇာတ်အိမ်ခိုင်တယ်။ ဖောက်ပြန်တယ်ဆိုတာတောင် ဖောက်ပြန်ရတဲ့အကြောင်းရင်းကို ခိုင်ခိုင်မာမာ ရေးပြနိုင်တယ်။ ဖောက်ပြန်နေရင်းနဲ့ကို အပြစ်ရှိသလို ခံစားနေရတာမျိုးပေါ့။ အဲဒါကိုလည်း ပေါ်လွင်အောင် ဖော်ပြနိုင်တယ်။ နောက်တစ်ချက်က သူတို့ကို လူ့အဖွဲ့အစည်းက ဒဏ်ခတ်တာခံရတယ်။ ဇာတ်သိမ်းမှာ သူတို့တွေ ဘဝပျက်သွားရတယ်။ အဲဒီလိုမျိုး တွေထိသူတို့ရေးပြနိုင်ခဲ့တယ်။ အဲဒါကြောင့်လည်း အခုထိ စာပေသမိုင်းမှာ ကျန်ရစ်ခဲ့ကြတာပေါ့။
Freedom ဆိုတဲ့ လွတ်လပ်ခွင့်မှာလည်း ဆရာပြောချင်တာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က လွတ်လပ်ခွင့်ဟာ ဘာနဲ့တွဲနေသလဲဆိုတော့ တာဝန်နဲ့တွဲနေပါတယ်။ တာဝန်သိစိတ် ရှိရပါမယ်။ အဲဒီစိတ်မရှိရင် နောက်ဆုံးမှာ ပြန်ပြီးဒဏ်ခတ်ခံရပါမယ်။ ညစ်ညမ်းစာပေကိုလည်း ညစ်ညမ်းမှုနဲ့ အရေးယူလို့ ရတယ်ဆိုတာ သိထားရမယ်။ ရာဇသတ်ကြီး ပုဒ်မ ၂၉၂ နဲ့ ၂၉၃ ဆိုတာ ဖဆပလခေတ်က တည်းကကိုရှိတယ်။ ရဲပြစ်မှုပေါ့။ လူဆိုတာ လုပ်ချင်တာလုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပဲ တာဝန် သိ စိတ်ရှိရမှာပေါ့။
အနှစ် ၅ဝ လုံးလုံး ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီဖိနှိပ်မှုထဲမှာ နိုင်ငံရေးအရစာပေတွေ ပါတယ်။  အခုလို လိင်ပိုင်းဆိုင်ရာစာပေတွေ ပါတယ်ပေါ့နော်။ အဲဒါတွေမှာ လွန်ကဲသွားရင် အရေးယူခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အခုလို ချုပ်ချယ်မှုတွေ ဖွင့်ပေးလိုက်တော့ အကုန်လုံးပွင့်လာတယ်လို့ ပြောရမှာပေါ့။ အဲဒီမှာ ဒီလိုကိစ္စတွေလည်း ပါလာတာပေါ့လေ။ အဲဒီမှာ ခုနက ဆရာပြောခဲ့တဲ့ အချက်နှစ်ချက်နဲ့ မထိန်းနိုင်ရင်တော့ ဘာပဲဖြစ်ဖြစ် ငြိစွန်းတဲ့အထိ ရောက်သွားမှာပါပဲ။ အရေးကြီးတာက ဘယ်လိုပဲရေးရေးရပြီးတဲ့ လွတ် လပ်ခွင့်တော့ ဆုံးရှုံးမသွားအောင် သတိထားရမှာပေါ့။
လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုကို ပြောရမယ်ဆိုရင် အခုလည်းပေါ်နေပါပြီ။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာလေ။ တကယ် ပဲ ပွင့်လင်းလူ့ အဖွဲ့ အစည်း ကို ရောက်လာပြီဆိုရင်တော့ ဒါတွေပါလာမှာပါပဲ။ ဥပမာ အမေရိကန်တို့လို အနောက်တိုင်းတွေမှာလည်း Open Society ဆိုတာရှိတာပဲလေ။ သူတို့မှာ ဝတ်လစ် စားလစ် နဲ့တောင်ကတဲ့ နိုက်ကလပ် တွေ ရှိနေတာပဲ။ မြန်မာမှာက ပွင့်လင်းလူ့အ ဖွဲ့အစည်းလို့သာ အော်နေတာ။ အဲဒီအခြေအနေအထိ လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်ကြသေး ဘူးလို့ဆိုရမယ်။ အဲဒီတော့ ဘယ်လိုပြောမလဲ။ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ပွင့်လင်းကြပေါ့လို့ ပြောရမှာပဲ။
တကယ်တော့ အောင်ရင်ငြိမ်း စာအုပ်ဟာ စာမျက်နှာ ၁၇ဝ ရှိတယ်ဆိုပေမယ့် ညစ်ညမ်းတာက ခုနစ်မျက်နှာပဲပါတာ။ ကျန်တဲ့ ၁၆၃ မျက်နှာက ပိုစိတ်ဝင် စားဖို့ ကောင်း တယ်။ ဒါကိုစာဖတ်သူတွေက ဟိုခုနစ်မျက်နှာပဲ သတိထားမိပြီး ညစ်ညမ်းတယ်လို့ ဝေဖန်နေကြတာ။ တကယ်တော့ သူလိုချင်တာက လူ့အဖွဲ့အစည်းသစ်ကြီး။ ရှိပြီးသား ဓလေ့ထုံးစံဟောင်းတွေ၊ ယဉ်ကျေးမှုအဟောင်းတွေ၊ အယူအဆဟောင်းတွေ၊ တန်ဖိုးဟောင်းတွေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ အဲဒီလူ့ အဖွဲ့အစည်းသစ်ကြီးကို အသားပေးပြီး ရေးထားတာ။ အဲဒါက မြန်မာ့ယဉ်ကျေးမှုအပေါ် သက်ရောက်တာ။ မြန်မာလူမျိုးတွေ ဘယ်လောက်ထိ လက်ခံနိုင်မလဲ။ ဘယ်လောက်သဟဇာတဖြစ်သလဲ အဲဒါတွေပေါ့။
အခုဆိုရင် လွှတ်တော်မှာတောင် ပြည့်တန်ဆာတွေကို လိုင်စင်ထုတ်ပေးဖို့ တင်နေပြီ။ ဆိုတော့ တဖြည်းဖြည်းတော့ မလာဘူး လားဆိုရင်လာမှာပဲ။ အခုတောင် နိုက် က လပ်တွေ ရှိနေတာပဲ။ ဒီတော့ တိန့်ရှောင်ဖိန်ပြောတဲ့ စကားနဲ့ပြောရရင် အနောက်တိုင်း ယဉ်ကျေးမှုတွေ ဝင်လာမှာနဲ့ ပတ်သက်ပြီး ”ပြတင်းပေါက်ဖွင့် ထားရင် လေေ ကာင်းလေသန့်တွေ ဝင်လာနိုင်သလို ရောဂါပိုးမွှားတွေလည်းပါလာမှာပဲ။ အဓိကကတော့ ကိုယ့်ဘက်က ကိုယ်ခံအားကောင်းအောင် လုပ်ထားဖို့ပါပဲ”။
ဆရာမ ခင်ပန်နှင်း
ဆရာဝန်၊ စာရေးဆရာ၊ အယ်ဒီတာ
Freedom of Expression  ရလာတဲ့အတွက် နိုင်ငံရေးစာပေတွေကို လွတ်လပ်စွာ ရေးသားလာနိုင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ညှို့မဂ္ဂဇင်းပေါ်လာတုန်းကတောင် အဲဒီမှာ သုံးတဲ့ မော်ဒယ်လ်တွေဟာ အဖော်အချွတ်ပုံ တွေများလို့ဆိုပြီး အသံထွက်ခဲ့ကြသေးပါတယ်။ အခုဟာက မတူပါဘူး။ အောင်ရင်ငြိမ်းက စာရေးဖော်အချင်း ချင်းမေ ထာက်ထားဘူး။ စာပေလွတ်လပ်ခွင့်ကို လည်း မထောက်ထားဘဲ သူရေးချင်တာတွေပဲ ရေးထားတာကိုပြောချင်ပါတယ်။ စာဖတ်သူရော သူ့အ တွက်ရော(ငွေကြေးတော့ မသိ) ဘယ်သူမှ အကျိုးမရှိတဲ့ဟာကိုဘာလို့ရေးပြီး ပြောပြနေတယ် မသိပါဘူး။
ဆရာမ အရင်ကပြောနေကျစကားတစ် ခွန်းရှိပါတယ်။ ကိုယ့်တပည့်တွေကို ပြောလေ့ရှိတာပါ။ ဖတ်သာဖတ်။ ဘာစာပဲဖတ်ဖတ် အားလုံးအကျိုး ရှိတယ်ဆိုပြီးပါ။ အခုတော့ ကိုယ့်စကားကိုယ် ပြင်ရမလို ဖြစ်နေပါပြီ။ ဒီလိုစာမျိုးဆိုတာ ဘယ်သူမှ မဖတ်သင့်တဲ့စာလို့ ပြောရပါမယ်။ အိပ်ရာထက်က ဖိုမကိစ္စဟာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူရေးထားတဲ့ ပုံစံကြီးကို မကြိုက်တာပါ။  ဒီစာအုပ်ဖတ်ပြီးမှ မိန်းမတွေအပေါ် မှာသူမြင်တဲ့အမြင်ကို သိလာတယ်။ သူ့အမြင်ကို မကြိုက်ပါဘူး။ ကျန်းမာရေးပ ညာပေး လည်း မဟုတ်ဘူး။ နိုင်ငံခြားမှာဆို ဒီလိုရေးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။ အမျိုးသမီးရေးရာကလည်း တရားလိုလုပ်ပြီး တရားစွဲရမှာ။ ဒါ ဟာလူတိုင်း လက်ခံရတဲ့ကိစ္စပဲ။ ဒီမှာတော့ စာပေလွတ်လပ်ခွင့်လည်းပေးထားတာ မကြာသေးလို့ ပြင်းပြင်းထန်ထန် မလုပ်ချင်ကြတဲ့ပုံပါပဲ။
ဒါပေမဲ့ သူ့ကိုခေါ်ပြီး သတိပေးတာတို့၊ ဒဏ်ပေးတာတို့ လုပ်သင့်ပါတယ်။ ဥပဒေကြောင်းအရ သင့်တော်တဲ့ဆုံးမမှုမျိုး ပေးစေချင်ပါတယ်။ ဒါမှ နောက်ထပ် ဒီလိုစာပေတွေ ထွက်မလာမှာပါ။ ပြောရမယ်ဆိုရင် လူ့ပြည်မှာကို မရှိသင့်တဲ့တော်တော်ဆိုးရွားတဲ့ စာအုပ်ပါပဲ။ မြန်မာမိန်းကလေးတွေရော၊ မြန်မာ့ယဉ်ကျေးမှုကိုပါ ထိခိုက်မှုရှိနိုင်ပါတယ်။ အခုက စာဖတ်အားနည်းကြတယ်လေ။ ကလေးတွေက အဲဒီအစား ဂိမ်းဆော့တာတို့၊  အွန်လိုင်းမှာ  အကျိုးမရှိတဲ့ အသုံးပြုနေတာကို တွေ့နေရ ပါတယ်။ အဲဒီလို စာဖတ် အားနည်းရတဲ့အထဲ ဒီလို စာအုပ်တွေ ဖတ်မိခဲ့ရင် အတုယူမှားပြီး ဒုက္ခရောက်ကုန်လိမ့်မယ်။
အခုတောင် ဘတ်စ်ကားပေါ်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ကန်ပေါင်လို နေရာမျိုးတွေမှာ သမီးရည်းစားတွေက အတင့်ရဲနေကြတာ။ သူတို့အရွယ်က ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး ထိန်းသိမ်းတတ်ကြတာလည်း မဟုတ်တော့ အဓိကက မိန်းကလေးတွေကို စိတ်ပူတာပါပဲ။ ချစ်သူကို အလိုလိုက်မိနိုင်တယ်။ သူတို့ရဲ့ ဆင်ခြင်တုံတရားကို ထိခိုက်နိုင် တယ်လေ။ ကြီးစွာသော အန္တရာယ်ကျရောက်နိုင်ပါတယ်။ ဒီကိစ္စက စည်းအတွင်းမှာပဲ ရှိသင့်တဲ့ကိစ္စပါ။ အိမ်ထောင်သည် မိခင်တွေ ဖတ်မိရင် တောင် ကိုယ့်လင် သား ကို ပြန်မပြဝံ့တဲ့ စာအုပ်။ ကိုယ့် သားသမီးတွေ ဖတ်မိမှာစိုးရိမ်လို့ ဝှက်ထား နိုင်တဲ့စာအုပ်မျိုးပါ။ ဒါ့ကြောင့် ဒီလိုစာပေ တွေနဲ့ပတ်သက်ပြီး အခုကိစ္စကို နောင်ကြဉ် အောင် လုပ်ထားသင့်တယ်လို့ ပြောချင်ပါတယ်။ ဆရာမတို့အနေနဲ့ ကဗျာဆရာကောင်းတစ်ယောက်ကို မဆုံးရှုံးချင်ပါဘူး။
မောင်လွင်မွန်(ကသာ)
စာရေးဆရာ
ဖြစ်လာတာကတော့ အသစ်ကို ဖောက်ထွက်ဖန်တီးချင်တာကနေ ဖြစ်တယ်လို့ ယူဆပါတယ်။ အသစ်ကိုဖန်တီးတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အသစ်ကို ဖန်တီး ရာမှာ ရှိသမျှအဟောင်းတွေကိုဖြိုချပစ်ပြီး ဖန်တီးရမယ်ဆိုတာတော့ အတော်ကြီးမှားနေပြီလို့ ထင်တာပါပဲ။ အမှန်တော့ ကာမသောင်းကျန်း ဖောက်ပြန်တဲ့ ဇာတ် ကွက် မျိုး၊ သွေးသားသောင်းကျန်းမှုသရုပ်ဖော် ဝတ္ထုတို၊ ရှည်မျိုးတွေ ကျွန်တော်တို့ငယ်ငယ်က အများကြီးဖတ်ခဲ့ဖူးတာပါပဲ။  ဥပမာ ရန်ကုန်ဘဆွေဆိုရင် ဒါမျိုး အများကြီးေ ရးဖူး ပါတယ်။ နန်းဟာဗီးလို ဝတ္ထုမျိုး။ နောက် ရေကြိုမလေး။ ဒီလိုပဲ ထရံတစ်ချပ်ခြားက ကုလားလင်မယား ချစ်တင်းနှောတဲ့အသံကြားပြီး အပျိုမလေးလင်နောက် လိုက် တဲ့ ဇာတ်လမ်းမျိုး၊ တစ်ခါ ဆရာမြသန်းတင့်ရဲ့ မမဈေးကြိုသူလို ဝတ္ထုမျိုး စသည်ဖြင့် ပေါ့။ အဲဒီကာလကလည်း စိစစ်ရေးရှိတာ မဟုတ်ပါဘူး။
ဒါပေမဲ့ စာရေးသူက သူ့သိက္ခာ သူ့လေးစားမှုနဲ့၊ စာဖတ်သူကို တန်ဖိုးထားလေးစားမှုတွေရှိတဲ့အတွက် အခုလို ဇာတ်ကွက်အပြင် အသုံးအနှုန်းစကားလုံးကအစ အပြာ ဆန်တာ၊ ဒိုင်ယာလော့တွေထဲမှာပါ ညစ် ညမ်းမှုတွေပါတာ၊ အတုံးအလိုက် အတစ်လိုက် သရုပ်ဖော်တာတွေမရှိခဲ့ပါဘူး။ ‘တော်လှန်တဲ့အရေးအသား’ဆိုပြီး အချို့ ဒီစာအုပ် ဘက်က ရှေ့နေလိုက်တာများကိုလည်း ကြားရပါတယ်။ တော်လှန်တယ်ဆိုတာ ဘာကိုတော်လှန်တာလဲ။ ကျွန်တော်တို့ရဲ့ သိမ်မွေ့နူးညံ့စွာဖော်ပြတတ်တဲ့ အရှေ့ တိုင်း ဓလေ့၊ ဟီရိသြတ္တပ္ပ နဲ့ ယဉ်ကျေးမှုအခိုင်အခန့် တည်ဆောက်ထားတဲ့ မြန်မာ့အစဉ်အလာ စတာတွေကို တော်လှန်မှာလား။ တော်လှန်စရာတွေ ဒီလောက် ရှားနေလို့လား။ အခု ကျွန်တော်တို့ဆီမှာ မပြီးဆုံးသေးပဲ ရှေ့ဆက်ရဦးမယ့်တော်လှန်ပြောင်းလဲမှုတွေအတွက် နှလုံးသားခွန်အား၊ အနုပညာအင်အားတွေနဲ့ ဝိုင်းလုပ်နေရချိန်မှာ အဲဒါတွေ ကို ဘေးချထားပြီး အခုလိုတလွဲတော်လှန်ပြောင်းလဲတာကို ကျွန်တော်တို့က ဝိုင်းထောက်ခံရမယ်ဆိုရင် ကျွန်တော်တို့လောက် မိုက်တာရှိမှာမဟုတ်တော့ပါဘူး။
ဒါပေမဲ့ ဒီနေရာမှာ ရာစုနှစ်ဝက်လောက် စာပေချုပ်ချယ်ခံရမှု အပါအဝင်ဖိနှိပ်ခံရမှုတွေအတွက် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက ဘဝတွေစတေးပြီး ရုန်းထွက်နိုင်ဖို့ လုပ်ခဲ့ကြတာပဲလေ။ ဒီအတွက် ဝိုင်းလုပ်ကြရင်းထောင် ကပြန်ထွက်၊ စာရေးဆရာဘဝကို ပိုထဲထဲဝင် ဝင် နေကြည့်ဖြစ်တဲ့အခါ စိစစ်ရေး ဇွတ်တိုးပြီး ထောင်နှုတ် ခမ်းထပ် နင်းပြီး မာဂျင်ဘေးကပ်တဲ့စာတွေ၊ မသိမသာကျော်တဲ့စာတွေ၊ စွန့်စားပြီး ဇွတ်ကျော်နင်းတဲ့စာတွေ ကျွန်တော် ရေးကြည့်ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူမှ ခိုင်း လို့မဟုတ်ပဲ ကိုယ့်ဘာသာ တော်လှန်တဲ့စိတ်နဲ့ ဖန်တီးနေခဲ့တာ။ ကျွန်တော်တို့ ဒီလိုရေးကြည့် သမျှရဲ့သုံးပုံတစ်ပုံလောက်သာ စာမျက်နှာတွေပေါ်ရောက်တာပါ။
အဲဒီထဲမှာ ထူးထူးခြား ခြား စည်းကို အတော်ကျော်ခဲ့ပေမယ့် ‘လွတ်’သွားတဲ့စာတချို့ ရှိခဲ့ဖူးတယ်။ ဒီစာတွေအတွက် ကျွန်တော်တို့ကို စိုးရိမ်သူတွေ ရှိသလို စတန့် လုပ်ပြီး ထောင်ကျအောင် တမင်လုပ်နေ တာလို့ ထင်တဲ့သူတောင်ရှိတယ်။ ဒီအထဲမှာ အခုအထိ တန်ခိုးကြီးနေဆဲဖြစ်ပြီး အဲဒီကာလကဆို လုံးဝထိမရတဲ့ လင်မယား ကို ကျွန်တော် စောင်းမြောင်းပြီး သရော်ဝတ္ထုတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အဲဒီဝတ္ထုဟာမမျှော်လင့်ဘဲ စိစစ်ရေးလွတ်လာတဲ့နောက် လူပြောစရာ အထိုက်အလျောက်ဖြစ်ခဲ့ပါတယ်။ ကိုစောဝေ ကဗျာ တစ်ပုဒ်အဖမ်းခံရချိန်မှာ  ကျွန်တော့်ဝတ္ထုက ပိုတောင်ထိသေးတယ်ဆိုပြီး မိတ္တူကူးပြီး ဝေသူဝေတဲ့အတွက် ရေးဖော်တချို့က ကျွန်တော့် အတွက် စိတ် ပူပေးရတဲ့ကာလတစ်ခု ရှိခဲ့တယ်။ ဒါပေမဲ့ အခုစိစစ်ရေးပျက်ပျက်ချင်းမှာပဲ အဲဒီဝတ္ထုကိုခေါင်းစဉ်ထားပြီး ကျွန်တော်သရော်ဝတ္ထုတွေ ထုတ်ချင်ပါတယ်ဆိုပြီး ထုတ် ဝေ သူတစ်ယောက်က လာကမ်းလှမ်းတာကို ကျွန်တော်ငြင်းလိုက်ပါတယ်။
ကျွန်တော်က ကျွန်တော်တို့ အရင်းအနှီးကြီးကြီးပေးပြီး ရထားတဲ့လွတ်လပ်စွာထုတ်ဖော်ခွင့် (Freedom of Expression) ကို တစ်ဖက်က ကျွန်တော်တို့တစ်တွေဟာ အခွင့်အရေးပေးလိုက်တာနဲ့ အလွဲသုံးစားလုပ်တော့တာပဲ၊ ရန်လိုစိတ်နဲ့ (Agressively)ရေးတော့တာပဲလို့ အထင်မခံနိုင်လို့ တစ်နှစ်နှစ်နှစ်တော့ အချိန်ယူ ရအောင် ပါလို့ ပြောပြီး မပေးဘဲထားခဲ့တယ်။ ထုတ်ဝေသူကတော့ အဲဒီကာလကဆို ရောင်းရမယ့်စာ အုပ်မို့ ကျွန်တော့်ကို အတော်တုံးတယ်လို့ ထင်ချင်ထင်မယ်။ ဒါပေမဲ့ ကျွန်ေ တ်ာပြောလိုတာက လွတ်လပ်စွာရေးသားခွင့်ကို ကိုယ်တိုင်တောင် တန်ဖိုးထားဂရုစိုက်သုံးစွဲချင်တဲ့ ကျွန်တော့်အတွက် ဒါကို တလွဲသုံးထားတဲ့ ဒီလိုစာအုပ်မျိုး ဖတ်ရ တဲ့ အခါ၊ တစ်ဖက်က လူတွေက ‘တွေ့လား၊ မင်းတို့တွေက လွတ်လပ်ခွင့်နဲ့တန်လို့လား’ ဆိုတာမျိုး ပြောသံ ကြားရတဲ့အခါ၊ ဒါကိုအကြောင်းပြုပြီးကျန်တဲ့ လွတ် လပ်စွာ ထုတ်ဖော်ခွင့်ရနေသင့်၊ ရနေသမျှတွေတောင် ပြန်ဆုံးရှုံးလေမလား ပူပန်စရာဖြစ်လာတဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာ တွေးကြည့်စေချင်တာပါ။
James Joyce  ရဲ့ Ulysses (1922)  နဲ့ D.H Lawrence ရဲ့ Lady Chatterley’s Lover (1928) စာအုပ်တွေဟာ အနောက်နိုင်ငံမှာ နှစ်ရှည်လများ အပိတ်ခံရတဲ့စာအုပ် အများကြီးထဲက နာမည်ကြီး စာအုပ်နှစ်အုပ်ပါ။ James Joyce ကို Ulysses ကို ခုနစ်နှစ် ကြာအောင်တောင် ရေးခဲ့ရပါသတဲ့။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ သူ့စာအုပ်ကို ၁၅ နှစ်ကြာအောင်ပိတ်ထားခဲ့တဲ့အတွက် သူ့ရေးတာထက် နှစ်ဆပိုကြာအောင် အပိတ် ခံရတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ Lady Chatterley’s  Lover ဆိုရင်လည်း အင်္ဂလန်မှာရော၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံအားလုံးမှာပါ အပိတ်ခံရပါတယ်။ သူ့စာအုပ်ကလည်း စစ်ထဲမှာရတဲ့ဒဏ်ရာနဲ့ အောက်ပိုင်းသေပြီး မိန်းမ ကိုသွေးသားဆန္ဒ ဖြည့်စွမ်းမပေးနိုင်တဲ့သူကို လင်တော်ထားရတဲ့ အထက်တန်းလွှာမိန်းမတစ်ယောက်ဟာ သာမန်ဝန်ထမ်းယောက်ျားတစ်ယောက်နဲ့ အချစ်ကြောင့် မဟုတ်ဘဲ ဖောက်ပြန်တဲ့ ဇာတ်လမ်းပါ။ တကယ်တော့ အမေရိကန်လိုနိုင်ငံမျိုးက မြို့ထဲကကလပ်တွေမှာတင်၊ ခုနစ်လွှာချွတ်အက (Striptease) ကို ကလပ်မှာ ဘီယာ သောက်ရင်းအလွယ်ကြည့်နိုင်ပြီး တစ်ဒေါ်လာလောက်ပေးရင် ကော့ပြကုန်းပြတဲ့ မိန်းမတွေရဲ့ Live Show ကို အလွယ်တကူ (သတ်မှတ်ထားတဲ့ လမ်းဧရိ ယာ တစ်ခုမှာ) ကြည့်လို့ရတဲ့နိုင်ငံပါ။ ဒါပေမဲ့ ဒီ Lady Chatterley’s Lover စာအုပ်နဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ် ရိဒ်စမုသ်က လွှတ်တော်အတွင်းမှာ
”ကျုပ်ကတော့ ဒီစာအုပ်ကို ဆယ်မိနစ်လောက်ထက် ပိုမဖတ်နိုင်ဘူး။ တကယ်အောက်တန်းကျတဲ့ စာအုပ်ဗျာ၊ စိတ်ရောဂါရှိပြီး နှလုံးသားလည်း ညစ်ညမ်းတဲ့လူ မျိုးက ရေး တဲ့စာအုပ်၊ ဒီလူက ငရဲတွင်းထဲကျနေ တောင် ညစ်ညစ်ပတ်ပတ် ပြောဆိုနေမယ့်လူမျိုးပဲဗျ”ဟု ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့ဖူးပါတယ်။
ဒီစာအုပ်ကလည်း သာမန်ရသ သရုပ် ဖော်ဝတ္ထုတွေမှာ မသုံးတဲ့ အပြာစာလုံးတွေကို သုံးထားပြီးကျန်းမာရေးချို့တဲ့နေတဲ့လင်ဆီက အိမ်ထောင်ရေးသုခမရတဲ့ ဇနီးသည် ကို မြှူဆွယ်ပြီး ယောက်ျားစွမ်းပြတဲ့ ဇာတ်လိုက်ကျော် အကြောင်း ပယ်ပယ်နယ်နယ်ရေးဖွဲ့ထားတာ မျိုးမို့ သူတို့နိုင်ငံမျိုးမှာတောင် မခံနိုင်ဖြစ် ခဲ့တာပါ။ ဒီလောက်ဆိုရင် ကျွန်တော်တို့ ပရိ သတ်များလည်း နှိုင်းယှဉ်စဉ်းစားကြည့်စရာ ရပါလိမ့်မယ်ထင်ပါတယ်။ ခုလို ညစ်ညမ်းစာပေဟာ လူ့အဖွဲ့အစည်းအပေါ် အနုတ်လက္ခဏာ သက်ရောက် မှုပဲ ဖြစ်မှာပေါ့။
အင်တာနက်ညစ်ညမ်းရုပ်ရှင်နဲ့ ညစ်ညမ်းဝတ္ထုများဟာ လူအဖွဲ့အစည်းရဲ့စည်းကျော်ပြီး ဖောက်ပြန်မှုတွေကို အသားပေးရိုက်ကူးရေးဖွဲ့လေ့ရှိပါတယ်။ ဒါကလည်း လူ့အဖွဲ့ အစည်းတွင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စ မျိုးကို ရိုက်ကူးပုံဖော်မှ ပရိသတ်ပိုစိတ်ဝင်စားပြီး အားပေးမှုရရှိမှာမို့ပါ။ အရွယ်မရောက်သေးတဲ့ကလေးတွေနဲ့ဆက်ဆံပုံတွေ၊ သမီးနဲ့ အဖေဇာတ်လမ်း၊ မိထွေးနဲ့ လင်ပါသားဇာတ်လမ်း၊ ခယ်မနဲ့ခယ်အိုဇာတ်လမ်း၊ ဆရာနဲ့ကျောင်းသူ၊ ဆရာမနဲ့ကျောင်းသားဇာတ်လမ်း၊ အုပ်စု ဖွဲ့မတရားကျင့်ပုံ ဇာတ် လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်ကားတွေနဲ့ ဒီဝတ္ထုတွေဟာ လူ့အဖွဲ့အစည်းထဲက အထူးသဖြင့် နုနယ်သေးတဲ့ အရွယ်ရောက်စလူငယ်လေးများနဲ့ ပညာမတတ်၊ အသိ အမြင်အားနည်း၊ ဆင်ခြင်တုံ တရားနည်းပါးသေးတဲ့ နယ်ကလာသူ လူတန်းစားများကို အထူးသဖြင့်အမှောင်ဘဝထဲကိုတွန်းပို့စေတဲ့ သက်ရောက်မှု မျိုး မြန်မြန် ဆန် ဆန်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် အင်တာနက်က တောနယ်အထိပေါက်ရောက်တဲ့ အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မတရားကျင့်တဲ့အမှုများ ဆက်တိုက်ပွားများလာတာပါ။
ကောင်းစရာတော့မရှိပါဘူးဗျာ။ တစ်ခု ပဲပြောချင်တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်က သက်တမ်းအရမ်းနုနယ်နေပါ တယ်။ ယောက်ျားဆိုတာ အရက်ေ သာက်တာ မဆန်းပါဘူးဆိုပြီး လူတိုင်းကို တိုက်လို့ရ ကောင်းရပေမယ့် ၆လသားအရွယ် ယောက်ျားလေးကိုတော့ တိုက်ဖို့ မသင့်ဘူး မဟုတ်လား။ ပြီးတော့ အရက် မေ သာက်ခြင်းဟာ အခွင့်အရေးတစ်ခုဖြစ်သလို သောက်ခြင်းဟာလည်း အခွင့်အရေးပဲဆိုတာကို လက်ခံတယ်။ ဒါ ကြောင့် အရက်ကို ဗြောင်ေ ရာင်းရောင်း၊ မှောင်ခိုေ ရာင်းေ ရာင်း၊ သောက်တတ်သူများ ဝယ်သောက်၊ ပြဿနာမရှိဘူးပေါ့။ ဒါပေမဲ့ အရက်သောက်တာဟာ အခွင့်အရေးဆိုပြီး ဂျိုးဖြူပိုက်ထဲလာ ထည့် ရင်တော့ ကျွန်တော်တို့ ထိုင်ြ ကည့်နေလို့ မဖြစ်ဘူးလေ။ ပြီးတော့ အခု စာအုပ်ဟာ ညစ်ညမ်း စာအုပ်ဆိုတာထက် အများကြီးဆိုးဝါးပြီး နှစ်ဦးသဘောတူ လိင် ဆက်ဆံတာဆိုရင် လက်မထပ် လည်းရ တယ်ဆိုတဲ့ အယူအဆမျိုး၊ မိန်းမဟာတစ်ဦးတည်း ပိုင်မဟုတ်ပဲ သူများမယား ကြာခိုတာဟာ အပြစ်မဟုတ်ဘူးဆိုတာမျိုးကို နိုင်ငံတကာ အတွေးအခေါ်တွေ ဆွဲယူကိုး ကားရေး သား ထားတာမို့ ”ဒါကတော့ သူ့အယူအဆပဲလေ”ဆိုတာမျိုး၊ ”အတွေးသစ် အမြင်သစ်နဲ့ တော် လှန်တဲ့အရေးအသား”ဆိုတာမျိုးတွေနဲ့ အား ပေးအားမြှောက် လုပ်တာ၊ ဒါမှမဟုတ် ထိုင် ကြည့်နေတာမျိုးဟာ ကျွန်တော်တို့ရဲ့ ကိုယ့် ကျင့်ဘဏ္ဍာတိုက်ကို မီးလောင်နေတာကို မငြှိမ်းဘဲ ဘယ်လောက်ကူးသွားမှာလဲလို့ စိတ် ဝင်တစားစောင့်ကြည့်နေတာမျိုးနဲ့ တူနေမယ်လို့ ထင်ပါတယ်။
ပန်ဒိုရာ
ဘလော့ဂါ ကဗျာဆရာမ
ဆရာမပန်ဒိုရာ၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ကောက်နုတ်ဖော်ပြပါသည်။
အသစ်ဆိုပြီး ဖြစ်စေချင်တာကို ကာလံ ဒေသံမစဉ်းစားဘဲ အတင်းကာရောချပြခြင်းဟာ လူအများနားမလည်နိုင်တဲ့အခါ မူလအတွေးအခေါ်ရှင်တွေ ကိုတောင် နှိမ့်ချ သ လိုဖြစ် တတ်တယ်။ မိမိရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ဖျက်ဆီိးမိတတ်ပါတယ်။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို အမှန်လို့ထင်ကြတာချည်းပဲ။ လူတိုင်းဟာ လွတ် လပ် စွာ ကွဲပြားခွင့်ရှိပေမယ့် သူတစ်ပါးရဲ့ကွဲပြားတဲ့ ယုံကြည်မှုတွေ ထုံး တမ်းစဉ်လာတွေကို မထီမဲ့မြင်ပြုဖို့တော့မသင့် ဘူး။
တကယ်သစ်သလား မသစ်ဘူးလားဆိုတာကတော့ စာအုပ်အငှားဆိုင်မှာ ပြောနေ ကြသလိုပါပဲ။ မဖတ်ရသေးရင် အသစ်ပေါ့တဲ့။ တချို့တွေအတွက် သစ်ပြီး၊ တချို့အ တွက်က တော့ သိဖူးမြင်ဖူးပြီးသားဖြစ်နိုင်ပါတယ်။ စာ ရေးသူရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေတော့ မဟုတ်ပါဘူး။ ဒါကလည်း What is original?လို့မေးခွန်း ထုတ်နေ တဲ့ေ ခတ်မှာ သိပ်ပြီးပြဿနာတော့ မဟုတ်ပါဘူး။ ကိုယ့်အတွေ့အကြုံကိုကိုယ်ပြောပြီး ကိုယ်ကြိုက်ရာကို ထုတ်နုတ်မှီ ငြမ်းတာ စာရေးသူအခွင့်အရေးပါပဲ။
ကိုယ့် စကားလိုလို ပြောတာနဲ့စာရင် ဘယ်သူက ဘယ်လိုပြောသွားတာပါလို့ အတိအလင်းဝန်ခံ ကိုးကားတာက ပိုကောင်းပါသေးတယ်။(အ တုံးလိုက် အတစ် လိုက် ဖြစ် တာကလွဲလို့ပေါ့။) မြန်မာစာပေလောကအတွက်တော့ ဒီလို အ ကြောင်းအရာနဲ့ ဒီလိုပြဿနာတွေကို တရားဝင်ထုတ်ဝေတင်ပြလာတာက အသစ်ဖြစ်နိုင်ပါတယ်။
ဒီစာအုပ်ကို နမူနာပြပြီး အရင်လိုအစိုးရက စိစစ်ရေးပြန်တင်းကျပ်လာမလားလို့ စိုးရိမ်လာကြတာကို တွေ့ရပါတယ်။ အများရဲ့လွတ်လပ်စွာဖော်ပြခွင့်ကို ထိခိုက်လာရင် ဘယ်သူမှကျေနပ်မယ်မထင်ပါဘူး။ တစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်ထင်တဲ့ အမှန်တရားကို လွတ်လပ်စွာကွဲပြားခွင့် တင်ပြခွင့်ရှိပေ မယ့် လူအများကိုထိခိုက်တယ်လို့ ယူဆစရာ ဖြစ်နေကြတယ်ဆိုရင်လည်း ပြဿနာပေါ်လာတတ်ပါတယ်။ ဒီစာရေးသူကို ဝိုင်းအကာအ ကွယ်ပေးရမှာလား။ ဒါမှမဟုတ် ဝိုင်းကန့်ကွက် ရမလားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်သူတွေရဲ့ မူဝါဒရှုထောင့်ကကြည့်ရင် တည်ဆဲဥပဒေတစ်ခုနဲ့ ငြိစွန်းနေရင် တော့ အဲဒီဥပဒေတည်နေသရွေ့ အရေးယူပိုင် ခွင့် ကတော့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Case by case စီမံသင့်ပါတယ်။ အတတ်နိုင်ဆုံး တရားရုံးကိုမရောက်ဘဲ ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းအတွင်းမှာ အ ရင်ေ ဆွးနွေးညှိ နှိုင်းဖြေရှင်းကြတဲ့ Self-regulation ကိုလည်း အားပေးသင့်ပါတယ်။
စာရေးသူရဲ့လွတ်လပ်ခွင့်ကို လေးစားပါတယ်။ ခေတ်စနစ်ပွင့်လင်းလာတာနဲ့အမျှ ဒီလိုအကြောင်းအရာ အတွေးအခေါ်တွေဟာ အနှေးနဲ့အမြန်ဆိုသလို ထွက်ပေါ်လာ စရာ ရှိပါတယ်။ အခြားကဏ္ဍတွေမှာ အခြေခံအဆင့်သာရှိသေးတဲ့အချိန်ဖြစ်တဲ့အတွက် စောနေလွန်းသလားဆိုတာက ဝေဖန်စရာဖြစ်ပါတယ်။ တင်ပြပုံဟာ ချပြတာမျိုးထက် စည်းရုံးခြင်း၊ မြှင့်တင်ခြင်း၊ ခုခံခြင်းဆန်နေတဲ့အတွက် ဘယ်လိုဘာကြောင့်ဆိုတဲ့ ဆွေးနွေးစရာမေးခွန်းမျိုးထက် ဒါကိုလက်ခံလား၊ လက်မခံဘူးလားဆိုတဲ့ yes or no မေး ခွန်းတွေ ထွက်လာတာဖြစ်ပါတယ်။ ဒီလောက်မလွယ်ကူပါဘူး။ ကိုးကားထားတဲ့ အတွေးအခေါ်တွေထဲမှာ အခြားရှုထောင့်များက ထပ်မံလေ့လာစရာတွေရှိပါတယ်။ issue တွေကလည်း တစ်ခုတည်းမဟုတ်ပါဘူး။ အပျိုစင်အယူအဆ၊ ဥပဒေဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အိမ်ထောင်ရေးဆိုင်ရာ၊ လက်ထပ်ထိမ်းမြားရေး ဆိုင်ရာ၊ ဂေး အခွင့် အရေး စသည်ဖြင့် ပါဝင်ပါတယ်။ လောလော ဆယ်လူတွေရဲ့အာရုံကတော့ စာရေးသူနဲ့ ထုတ်ဝေမှုအပေါ်မှာပဲ ပိုနေပါတယ်။(ဒီမှတ် ချက်ကလည်း အဲဒီလိုပါပဲ။) တချို့ကတော့ ဒီ စာအုပ်အကြောင်း ပြောပြောနေတော့ ဒီစာ အုပ်ကို လူများများပိုဖတ်ဖြစ်အောင် မြှင့်တင် နေသလိုလိုပဲလို့ဆိုကြပါတယ်။ လူများများ ပို ဖတ်ဖြစ်ပြီး တွေးေ တာဆင်ခြင်ကြည့်လာကြ တာမျိုးဆိုရင်တော့ ကောင်းပါတယ်။
အခုထိတော့ ခြုံငုံကြည့်သူတွေအတွက် တစ်ခါလာလည်း ဒီဖိုမကိစ္စနဲ့ ဒီအတွေးအ ခေါ်အသားပေးလို့ ထင်စေပါတယ်။ ခေတ်သစ်လူမှုအဖွဲ့အစည်းအတွက် အခြားသော ကဏ္ဍတွေမှာလည်း ဖောက်ထွက်ပြီး စဉ်းစားစရာဖြစ်တဲ့အကျိုးရှိတဲ့ အယူအဆတွေကို ဆက်ပြီးချပြစေချင်ပါတယ်။  ဒီစာအုပ်ထဲမှာလည်း နိုင်ငံရေး၊ ဘာ သာရေး၊ နောက် ခံတွေ နည်းနည်းပါးပါး ထည့် ထားတာတွေ့ရပါတယ်။ စာရေးသူ ကြိုက်ရာဘက်ကနေ အတင်းရပ်ပြတဲ့တင်ပြပုံမျိုးထက် စာကိုဖတ်ပြီး လူတိုင်း နက်နက်နဲ နဲတွေးတော ပြီး ကိုယ်တိုင်ရွေးချယ်ဖြစ်စေတာမျိုးကို ပိုဖတ် စေချင်ပါတယ်။ ပြီးတော့ တစ်ခါလာလည်း ဒီအကြောင်းတွေပဲဆိုရင်တော့ စာရေးသူဟာ ဒီအကြောင်းတွေပဲ ခေါင်းထဲမှာ ကြီး စိုးနေတယ်လို့ ထင်စရာဖြစ်လာပါမယ်။
ပေါ်ပြူလာနယူးစ်

● နိုင်ငံတော်သမ္မတကြီး ဘုရားပေါ် ဖိနပ်စီးသည်ဟု ဖြန့်ချိနေခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းချက် ●

ဇွန် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန် ပြည်နယ် လော့ယန်မြို့ မြင်းဖြူကျောင်းတော်မှာရှိတဲ့ မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနဲ့ သာသနိက အဆောက်အအုံများ ဖွင့်ပွဲ အခမ်းအနားများကို ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။

● မဟာစိနပဘာ ရွှေတိဂုံ ပုံတူစေတီတော်ကို ၂၀၁၂ခုနစ် ဧပြီ (၁၀)ရက်မှာ မြင်းဖြူကျောင်းတော် ပရဝဏ်အတွင်းမှာရှိတဲ့ မြေ (၁ ဒသမ ၇၃) ဧကပေါ်မှာ စတင် တည်ထားခဲ့တာ ဖြစ်ပါတယ်။ စေတီတော်ရဲ့ ဉာဏ်တော်အမြင့်မှာ (၁၀၈) ပေရှိပြီး တည်ဆောက်ရေး လုပ်ငန်းများကို နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်တွေက စုပေါင်းတည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ စေတနာ ထက်သန်တဲ့ နှစ်နိုင်ငံအလှူရှင်များရဲ့ ထည့်ဝင် လှူဒါန်းငွေတွေနဲ့ တည်ထားတော်မူခဲ့တာ ဖြစ်ပါတယ်။

● မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ပရိဝုဏ်ပတ်လည် အုတ်တံတိုင်းကို နန်းမြို့ရိုး ပုံဖော်ထားတဲ့ မုခ်ဦးလေးခု၊ နဂါးရုံဘုရား၊ ကျိုက်ထီးရိုးစေတီပုံတူတွေ တည်ထားပြီး မြန်မာ့မှုလက်ရာ သာသနိက အဆောက်အအုံများကိုလည်း တည်ဆောက်ထားပါတယ်။

●ပြောရရင်တော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူစေတီတော်ထီးတင်ပွဲကို ပြည်ပမှာ ကျင်းပပြုလုပ်ခဲ့ရာမှာ နိုင်ငံတော် အဆင့်အကြီးအကဲ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ပူဇော်ခဲ့တာ ပထမဦးဆုံး ဖြစ်ပါတယ်။

● နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်တွေ စေတီတော် အထွတ်မှာ တင်လှူ ပူဇော်မယ့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ဌာပနာတော်တို့ကို ပင့်ဆောင်ပြီး စေတီတော်ကို လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြတဲ့ ဓါတ်ပုံကို ယခုပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီဓါတ်ပုံက စေတီတော်ပေါ်မှာ လှည့်လည်စဉ် ရိုက်ကူးထားတဲ့ ပုံပါ။ ယခု အချို့ ဝေဖန်တိုက်ခိုက်နေတဲ့ ပုံက အများသူငါ ဖိနပ်စီးပြီး သွားလာကြတဲ့ မြေနေရာပါ။ မတူပါပါဘူး။

● ပူးတွဲဖော်ပြထားတဲ့ စေတီတော်နေရာ ဖော်ပြထားတဲ့ ပုံမှာ ဘုရားပေါ်တက်တဲ့ အုတ် လှေကား (၄) ခု ရှိပါတယ်။ သမ္မတကြီးဟာ ဖိနပ်ချွတ် လှေကားမှာ ဖိနပ်ချွတ်ပြီးမှ စေတီတော်ပေါ် တက်ရောက်ခဲ့တာ ဖြစ်ပြီးတော့ ပြန်ဆင်းလာတဲ့အခါ လှေကားရင်း ဖိနပ်ချွတ်မှာ ပြန်ပြီး စီးခဲ့တာ ဖြစ်ပါတယ်။ လှေကားရင်းကနေ မင်္ဂလာ ရထားပျံရှိရာနေရာအထိ ဖိနပ်စီးပြီး လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာက အများပြည်သူ ဖိနပ်စီးပြီး သွားလာတဲ့ နေရာပါ။ သမ္မတကြီးနဲ့ အခမ်းအနားအတွက် ကော်ဇောနီခင်းထားတာကတော့ ထုံးစံအတိုင်း ဖြစ်ပါတယ်။

● သို့သော်လည်းပဲ ဒီကိစ္စမှာ သတင်းစာပါ ဓါတ်ပုံကို ကြည့်ပြီး နိုင်ငံရေးရည်ရွယ်ချက် ရှိရှိ ဝေဖန် ကြတာကိုလည်း စိတ်မကောင်းစရာ တွေ့မြင်ရပါတယ်။ ဒီအခမ်းအနား ကျင်းပပုံ ရုပ်သံသတင်းကို ကြည့်လိုက်ရတဲ့သူတွေအနေနဲ့ ဒါကို သတိထားမိပါလိမ့်မယ်။ အခုလည်းပဲ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်နဲ့ MRTV Facebook မှာ လွှင့်တင်ထားတဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင်ကို ပြန်ပြီးကြည့်ရင် ရှင်းသွားမှာပါ။

●ဒီစေတီတော်ကြီး တည်ထားကိုးကွယ်ခဲ့တာဟာလည်း နှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်တစ်ခု အဖြစ်သာမက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်စေတီတော်ကြီးရဲ့ ပုံစံတူကို ပြည်ပမှာ ဖူးမျှော်နိုင်စေဖို့၊ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေဖို့ အစရှိတဲ့ ရည်ရွယ်ချက် များစွာနဲ့ တည်ထားခဲ့တာ ဖြစ်ပါတယ်။

●နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပြည်တွင်းခရီးစဉ်တွေ သွားရောက်ခဲ့ရာမှာ ဘယ်အရပ်ဘယ်ဒေသပဲ ရောက်ရောက် ဘုရားဝတ်ပြုပြီး ဦးခိုက်လေ့ ရှိပါတယ်။ မိရိုးဖလာထက် သာလွန်တဲ့ ဘာသာတရား အပေါ်မှာ ကြည်ညိုဆည်းကပ်မှု ရှိသူ တစ်ယောက်ပါ။ အကြောင်းရင်း အပြည့်အစုံ မသိကြသူတွေ အနေနဲ့လည်း ဝေဖန်ကြ၊ ပြောဆိုကြနဲ့ တွေ့မြင်ရတာကိုလည်း အပြစ်မမြင်ပါဘူး။ စိတ်မကောင်းပဲ ဖြစ်မိပါတယ်။ ဒါကြောင့်မို့ ဖြစ်စဉ်ဖြစ်ရပ် အတိအကျကို မသိသေးသူများ သိရှိနိုင်စေဖို့ လေးစားစွာဖြင့် တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Hmuu Zaw (Facebook)