Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Wednesday, July 2, 2014

ရိုမန်းဘော့ထ်ဖီဗာ


ကဗျာဆရာအောင်ရင်ငြိမ်း…
ဘလောဂ်စရေးစလောက် ကတည်းက ကြားဖူးခဲ့ပါတယ်…။
ဒါပေမယ့် ကဗျာလိုင်းမဟုတ်တော့ သိပ်တော့ မသိပါဘူး။
နောက်တော့ စာပေလောကမှာ သဲသဲလှုပ်လှုပ်ဖြစ်စေတဲ့…. အောင်ရင်ငြိမ်း ရဲ့ ရိုမန်းဘောထ် စာအုပ်ထွက်လာခဲ့တယ်..။ စာအုပ်ထဲက အချို့အပိုင်းအစလေးတွေလည်း ဖဘပေါ်ကနေ ဟိုနားဒီနားက ဖတ်မိထားတယ်။ အဲဒီစာအုပ်မှာ အမှာစာရေးတဲ့ စာရေးသူတွေထဲမှာ
“မလေး” ဆိုသူလည်း ပါတယ်ပေါ့နော်..။ ခက်တာက ဘလောဂ်အသိုင်းအဝိုင်းနဲ့ အခု နောက်ပိုင်း စာပေအသိုင်းဝိုင်းထဲကလူတော်တော်များများက “မလေး” လို့ ကျမကိုလည်း ချစ်စနိုးခေါ်တတ်ကြတယ်။
အဲဒီတော့ ချစ်ခင်ရင်းနှီးသူ စာပေမောင်နှမတွေထဲက အချို့က စိတ်ပူပြီး ပြောလာကြတယ်။ “ကြည့်ကျက်လုပ်ဦးနော်.. တို့တွေသိတဲ့ မလေးကတော့ ဒီမလေး ပဲ” ဆိုတော့… ဒီကလည်း ဘုရားတွေဘာတွေ တ ပြီး …. သူတို့ရဲ့စေတနာကိုလည်း လေးစားစွာနဲ့ “မလေးတော့ မလေးပါပဲ … မလေးအိမ့်ချမ်းမြေ့ပါ” ဆိုတာကို ဖဘမှာ မသိမသာ ကြေငြာရတော့တယ်…။
ဒါပေမယ့် ဒီမလေးက ဘာသာပြန်စာအုပ် မထုတ်ဖူးဘူး။ ဖတ်လိုသမျှ စာအုပ်မှန်သမျှ ရှာဖွေဖတ်ရှု ဝယ်ယူလို့ရတဲ့ လက်လှမ်းမှီရာ နေရာဒေသတစ်ခုမှာ နေထိုင်နေသော်လည်း…. မူရင်းစာရေးဆရာ/ဆရာမတွေရဲ့ ခွင့်ပြုချက် မရဘဲ ဘာသာပြန်ကာ ပုံနှိပ်ထုတ်ဝေလိမ့်မှာ မဟုတ်သူ ဆိုပြီး…. (လူအထင်ကြီးစရာမရှိသော ယုံကြည်ချက်ကြီးတစ်ခုကို လက်ကိုင်ထားပြီး) ရပ်တည်နေသူပါ။
အဲသလို… မြန်မာစာပေလောကမှာ ခွင့်မတောင်းဘဲ သူများရေးထားတဲ့ စာတွေကို အုပ်လိုက်ယူပြီး ဘာသာပြန်ကာ ပရင့်လုပ်သူတွေကိုလည်း မှန်သည် မှားသည် မဝေဖန်လိုပါဘူး။ သူတို့လည်း သူတို့ခံယူချက်နဲ့ လုပ်ကြသည်ဖြစ်သလို.. ဘာသာပြန်သူတွေ မရှိရင်ဘူး၊ စည်းတွေနဲ့ နေနေတယ်ဆိုရင်လည်း.. ‘တိုင်းတစ်ပါးက စာပေတွေကို မြန်မာတွေလက်ထဲ ကိုင်ပြီး မြန်မာလို ပယ်ပယ်နယ်နယ် ဖတ်ရှုဖို့က မလွယ်ဘူး’ ဆိုတဲ့ စာဖတ်သူတွေအပေါ်ထားတဲ့ စေတနာအတွေးကလည်း ရှိနေပြီးသားဖြစ်ပါတယ်။ ကိုယ်အနေနဲ့က မူရင်းစာရေးဆရာတွေကို ဆက်သွယ်လို့ လွယ်ကူကောင်းလွယ်ကူနိုင်ပေမယ့် .. ပြည်တွင်းက ဘာသာပြန်သူတွေအနေနဲ့က ကိုယ်လို မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်လို့ လွယ်ချင်မှ လွယ်ကူမှာဖြစ်တယ်ဆိုတဲ့ နားလည်စိတ်လည်း ရှိပါတယ်။
အဲဒီတော့ ကိုယ့်ကိုကိုယ်ပဲ စည်းတားတယ်။ “မင်းက တိုင်းပြည်အပြင်မှာ လက်ရှိနေထိုင်သူ၊ မူရင်းစာရေးဆရာတွေကို မင်းမှာဆက်သွယ်နိုင်တဲ့ အခြေအနေရှိတဲ့ အတွက် … မင်းကတော့ ဆက်သွယ်ခွင့်တောင်းပြီးမှ ဘာသာပြန်ရေးသင့်တယ်” ဆိုတဲ့ စည်းနဲ့ ကိုယ့်ကိုကိုယ်ပဲ တားထားလိုက်တယ်ဆိုပါရစေ။
ရိုမန်းဘော့ထ် စာအုပ်နဲ့ ပတ်သက်ပြီး စာအုပ်ကို မဖတ်ဘူးသေးဘဲနဲ့လည်း ဝင်မပြောလိုတဲ့အပြင်၊ ဒီရက်တွေမှာ ကမ္ဘာ့ဖလားကို စိတ်ဝင်စားနေတာလည်း ပါတယ်။ ဒါပေမယ့် ဖဘပေါ်မှာ ဘောလုံးသတင်းလေးမြင်ချင်ရင်တောင် မမြင်ရအောင် ရိုမန်းဘော့ထ် အဖျားတက်နေကြပါတယ်။ ဘယ်ပဲသွားလိုက်သွားလိုက် ရိုမန်းဘော့ထ်ဖီဗာ ဖြစ်နေကြတာကို မြင်နေရတော့တာပါပဲ။ အဲသလို ရိုမန်းဘော့ထ် အဖျားတက်နေတဲ့ လူအချို့ကြောင့် မမြင်ချင်လည်း မြင်နေရတဲ့ လက်လှမ်းမှီသမျှ တစ်ကြောင်းစ နှစ်ကြောင်းစ စာသားတွေကို ကြည့်ပြီး၊ တစ်ကယ်ကို ဒီစာအုပ်က ဒါချည်းပဲလားလို့ တွေးလိုက်မိတယ်။
ဒီလိုနဲ့ ရိုမန်းဘော့ထ်ကို ဒေါင်းလုပ်ဒ်ချပြီး ဖတ်လို့ရလာတယ်။
ဟုတ်ကဲ့…. ကျမ ဖတ်ကြည့်လိုက်ပါတယ်။
စာအုပ်ဖတ်ပြီးတော့ … “အောင်ရင်ငြိမ်း အမှားကြီး တစ်ရပ်ကျူးလွန်လိုက်တာလား” ဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ် ထုတ်ကြည့်မိတယ်။
E.L. James ရဲ့ Fifty Shades of Grey စာအုပ် နဲ့ စာရင် ရိုမန်းဘော့ထ် စာအုပ်က အများကြီး ယဉ်ကျေးပါသေးတယ်။
အနောက်နဲ့အရှေ့ မယှဉ်ကောင်းပါဘူး၊ မယှဉ်ပါနဲ့ဆိုရင်လည်း အောက်မှာဆက်ပြောခွင့်ပြုပါ။
ရိုမန်းဘော့ထ် စာအုပ်က စာအုပ်စင်တွေပေါ်မှာ ရှိသင့်သမား မရှိသင့်ဘူးလားဆိုတာလည်း ငြင်းခုန်ရမယ့် အခြေအနေမဟုတ်တော့ပါဘူး။ ဒီစာအုပ်က မြေအောက်လောကထဲ ရောက်သွားခဲ့ပြီလို့ ဆိုရမလား။
ဒီကြားထဲမှာမှ တော်တော်ရယ်စရာကောင်းသွားတာက ရိုမန်းဘော့ထ် နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ သတင်း၊ အဲဒီသတင်းထက်ကို သတင်းအောက်ခြေမှာ ရုတ်တရက်ကို မြန်မာပြည်မှာ မုဒိန်းမှုတွေ တက်သွားတဲ့ ပုံစံရေးထားတယ်။ ရိုမန်းဘော့တ်စာအုပ်ကဖြင့် မနေ့တစ်နေ့ကမှ ထွက်တာ ဘယ်လိုဖြစ်ပြီး မုဒိန်းမှုတွေက ရုတ်ချည်းထိုးတက်သွားတာပါလိမ့်ဆိုပြီး တွေးလိုက်မိသေးတယ်။ ဒီလောက်ကို မြန်ကြသလားပေါ့။
အောင်ရင်ငြိမ်းကတော့ ဖောက်ထွက်ရေးတာလို့ ဆိုတယ်။ အောင်ရင်ငြိမ်းရဲ့ ရှုထောင့်ကကြည့်ရင် ဖောက်ထွက်တာ ဟုတ်ရင်လည်း ဟုတ်မှာပါ။ ကနေဒါ (ခေါ်) open society တစ်ခုမှာ နေတာ အနှစ် ၂၀ကျော်ကြာသူ တစ်ယောက်အနေနဲ့ကတော့ စာအုပ်ကိုဖတ်ပြီးနောက် ဖောက်ထွက်တယ်လို့လည်း မမြင်ဘူး၊ ဘာမှ ထူးထူးခြားခြား ရင်သပ်ရှုမော အတွေးအခေါ်အသစ်အဆန်းတွေလည်း မတွေ့ဘူး။ (မြန်မာပြည်အပြင်မှာ ဟိုစဉ်ကတည်းက နေလာသူတစ်ယောက်ရဲ့ အမြင်လို့ စကားခံထားပါတယ်) ဒီစာအုပ်ကို ဒီဘက်ကလူတွေဖတ်ကြည့်ပြီးရင်လည်း အကျွတ်တရားတွေရသွားမှာလည်း မဟုတ်ဘူး၊ ဒီထက် ထူးခြားဆန်းကျယ် အံ့သြစရာအတွေးအခေါ်တွေနဲ့ နေထိုင်ပြုမူပုံတွေ များလွန်းတဲ့ ဒေသမှာ.. တစ်ခုခုဖြစ်တိုင်း စိတ်လှုပ်ရှားရမယ်ဆိုရင် ရူးသွားကြရုံပဲ ရှိမှာမို့၊ ဒီဘက်ကလူတွေ ရိုမန်းဘော့ထ်ကို ဖတ်မိမယ်ဆိုရင်လည်း ပခုံးတစ်ချက်တွန့်လိုက်ပြီး ကိုယ့်အလုပ်ကို ဆက်လုပ်သွားကြမှာပဲ ဖြစ်တယ်။ ဒါ့အပြင် ဒီစာအုပ်က ယောင်္ကျားတွေကို မုဒိန်းသမားတွေဖြစ်သွားအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း မထင်ဘူး၊ ဒီစာအုပ်က ရိုးရိုးသာမန် စိတ္တဇ ဝတ္ထုတစ်ခုထက်ပိုပြီး ဘာမှ ဒီလောက်ကြီး တုန်လှုပ်နေစရာ အကြောင်းမရှိဘူးလို့ ထင်တယ်။
အောင်ရင်ငြိမ်း၊ ထုတ်ဝေသူနဲ့ အပေါင်းအပါတွေကို စုံစမ်းစစ်ဆေး တရားစွဲမယ်ဆိုရင်တော့ တော်တော်လေးကို မရင့်ကျက်/ကလေးဆန်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်သွားနိုင်တယ်..။ နို့ဆီဗူးခွံထဲက အလိပ်လိုက်အလုံးလိုက် ရှုပ်ထွေးပွေလီနေတဲ့ တီကောင်လုံးကြီးကို တစ်ကောင်စီ ခွဲချလိုက်ရင်ကမှ ပိုပြီးလွယ်ကူးနိုင်ဦးမယ်။ ဒီတစ်ခုကို စလိုက်တာနဲ့ အနုပညာလောကမှ ကျန်သူတွေပါ ကိုယ်ထောင်တဲ့ ထောင်ချောက်ထဲ အကုန်တန်းစီဝင်သွားနိုင်တယ်ဆိုတာကိုလည်း ရေရှည်အတွက် တွေးစေချင်တယ်။
တစ်ကယ်ကတော့ အောင်ရင်ငြိမ်းရဲ့ စာအုပ်ကို မဖတ်ချင်သူတွေ မဖတ်နဲ့၊ ဖတ်ပြီးရင်လည်း ဝေဖန်လို့ရတယ်၊ မဖတ်သေးဘဲနဲ့တောင် ကြားဖူးနားဝနဲ့ ဝေဖန်လို့ရတယ်၊ ပက်ပက်စက်စက်လည်း ဆဲဆိုနေကြတယ်၊ ဒါလူ့အခွင့်အရေးလို့ ဆိုရမလား (မေးခွန်းထုတ်တာပါ)။ ရေးရဲသူကရေးတယ်၊ ထုတ်ဝေရဲသူက ထုတ်ဝေတယ်၊ ဖတ်ရဲသူတွေကဖတ်တယ်၊ ဝေဖန်ရဲသူတွေက ဝေဖန်ရဲတယ်။ ဒါ ဒီမိုကရေစီရဲ့ အစွယ်အပွား သေးသေးလေးကို ခံစားနေကြရတာလို့ ဆိုကြရမှာလား.………. ။
တရားစွဲမယ်ဆိုရင်တော့ ရိုမန်းဘော့ထ် ထက် ဆိုးဝါးတဲ့၊ ပျော့ပျော့လေးနဲ့ အဆိပ်ပြင်းတဲ့ မြန်မာစာပေလောကထဲက အဆိပ်စာအုပ်တွေ အများကြီးကိုကော ဘယ်လို ကိုင်တွယ်ကြမှာလဲလို့ ဒီလူမှုအသိုင်းဝိုင်းကို ကျမ မေးခွန်းထုတ်ချင်တယ်။ ရိုမန်းဘော့ထ်ကမှ ၁၈နှစ်အထက်များသာလို့ ရေးသားထားသေးတယ်။ အဲဒီအဆိပ်စာအုပ်တွေက ဒါအဆိပ်စာအုပ်ပါလို့ မကြေငြာဘဲ၊ လူထုထဲကို အဆိပ်တဖြည်းဖြည်း ထိုးသွင်းနေကြတာတွေကိုကော မပြောကြတော့ဘူးလား လို့လည်း မေးခွန်းထုတ်ချင်ပါတယ်။
မိန်းမတွေကို နှိမ်ထားတဲ့ စာအုပ်တွေ၊ မသိမသာဖိနှိပ်အောင် ရေးထားခဲ့တဲ့ စာအုပ်တွေ၊ ဘာသာရေး၊ နိုင်ငံရေး မသိမသာ လှုံဆော်နိုးဆွထားတဲ့ စာအုပ်တွေ၊ တရားမျှတမှု မရှိတဲ့ အတွေးအခေါ်တွေနဲ့ လူထုကို အဆိပ်ဖြစ်စေတဲ့ စာအုပ်တွေ၊ လူတွေရဲ့ စိတ်ကို တစ်ခါမှ မငြိမ်းချမ်းစေတဲ့ အတွေးခေါ်တွေနဲ့ ပြည့်နှက်နေတဲ့ စာတွေ သမိုင်းထဲမှာ အများကြီးရှိခဲ့တယ်။ အချို့စာအုပ်တွေဆိုရင် အရွယ်မတိုင်ခင် ရည်းစားထားတတ်အောင် သင်ပေးတဲ့ စာအုပ်တွေတောင် ရှိလိုက်သေးတယ်။ ထိုစာအုပ်တွေကို ထုတ်တဲ့ ထုတ်ဝေသူတွေကိုကော ဒီလူမှုအသိုင်းဝိုင်းက ဘယ်လို အရေးယူမယ် စိတ်ကူးထားသလဲ။ ကျမ မေးခွန်းထုတ်ချင်တယ်။
သူတစ်ပါးရှာဖွေလေ့လာထားတဲ့ အတွေးခေါ်တွေကို ပြောင်ပြောင်တင်းတင်းယူရုံမက၊ မိမိအတွေးအခေါ်လိုလို စင်ပေါ်တက်ပြီး ဆရာကြီး လုပ်ခဲ့သူတွေ၊ ပြည်သူလူထုကို ခိုးယူထားတဲ့ စာတွေနဲ့ လိမ်ခဲ့တဲ့ စာပေအသိုင်ဝိုင်းက ဆရာဆိုသူတွေ… သူများစာတွေကို အခွင့်မရှိဘဲ ယူချင်သူလို ယူပြီး ဘာသာပြန်ကာ ဂုဏ်သိက္ခာမျှဝေယူတဲ့ စာရေးဆရာအမည်ခံတွေ၊ နိုင်ငံတကာ စည်းမျဉ်း နဲ့ ကြည့်မယ်ဆိုရင် စာပေသိက္ခာမရှိသူတွေကိုကော ဘယ်လိုကိုင်တွယ်ကြမလဲ။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက်တွေကို မသိမသာ မိန်းမူးစေတဲ့ ရုပ်ရှင်တွေ ဂီတတွေကို ဖန်တီးထုတ်လုပ် ဖြန့်ဝေသူတွေကိုကော ဒီလူမှုအသိုင်းအဝိုင်းက ဘယ်လိုကိုင်တွယ်မလဲ။
စင်ပေါ်က လှုပ်လီလှုပ်လဲ့ တွန့်လိမ်ကွေး ဂီတအနုပညာတွေ၊ ယုတ်စွအဆုံး ပြက္ခဒိန်ရိုက်ရင်တောင် မိန်းမတွေရဲ့ လိင်ပိုင်းဆိုင်ရာဖြစ်တဲ့ တင်နဲ့ရင်ကို အသားပေးပြီး ရိုက်ကူးခဲ့တဲ့ ပြက္ခဒိန်တွေ၊ မြန်မာပြက္ခဒိန်တွေနဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေ၊ မြန်မာ့မော်ဒယ်တွေဆိုရင်လည်း မျက်နှာတောင် မမြင်ရဘူး၊ ရင်ကော့ တင်ကားပြနေတာ ဖြတ်သွားလို့ ဖျတ်ကနဲမြင်ရရင်တောင် ရှက်စရာကောင်းကြပါတယ်။ အဲသလို မြင်သူတောင် ရှက်စရာကောင်းအောင် တစ်ချိန်လုံး ကော့ကားလန်ပြ၊ စသဖြင့် အနုပညာကို ခုတုံးလုပ်ထားပြီး ငွေရှာသူတွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းတွေ။
အဲဒါတွေကိုကော ဒီလူမှုအသိုင်းဝိုင်းက ဘယ်လို အရေးယူမယ် စိတ်ကူးထားသလဲ။ ကျမ မေးခွန်းထုတ်ချင်တယ်။
ရိုမန်းဘော့တ်ကိုဖတ်ပြီးတော့ အခြား မိန်းမတွေ လိင်စိတ်နိုးကြားတက်ကြွသလားတော့ ကျမ မသိဘူး။ ကျမအနေနဲ့ကတော့ လိင်စိတ်မဆိုထားနဲ့၊ လင်စိတ်သားစိတ်တောင် ကုန်သွားတာပါပဲ။ ယောင်္ကျားတွေကို တော်တော် နံပြတ် သွားသလို၊ မိန်းမတွေကိုလည်း တော်တော်လေး စိတ်ကုန်သွားတယ်။ ရိုမန်းဘော့တ် ဖြစ်နေလို့ပဲ တော်တော့တယ်လို့ ပြောရမယ်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း လိင်ဆက်ဆံမှုမှရတဲ့ ရောဂါဖြန့်ဝေသူတွေအနေနဲ့တောင် ခပ်ဝေးဝေးက ရှောင်ရမယ့် သူတွေ။
လူ့အသိုင်းအဝိုင်းမှာ ဒီလိုယောင်္ကျားတွေ ဘယ်လောက်များနေမလဲ ဆိုတာကိုလည်း သိသာစေတယ်၊ ထို့အတူပဲ စိတ်ဓာတ်ပျော့ညံ့လွန်းတဲ့ “အချစ်” ဆိုပြီး “လိင်” ကို ကိုးကွယ်နေတဲ့ မိန်းမတွေလည်း အများကြီး ရှိနေမှာပဲ ဆိုပြီး တော်တော်လေးကို စိတ်ကုန်မိတယ်။ နှာခေါင်းတစ်ကယ်ကို မရှိကြတော့ဘူးလားလို့လည်း ကိုယ့်အမျိုးသမီးထုတစ်ခုလုံးကို ရင်ဘတ်ထု မေးလိုက်ချင်တဲ့ စိတ်တောင်ဖြစ်တယ်။
ကျမတို့ တစ်ကယ်ကို နှာခေါင်းရှိစေချင်တယ်။
တစ်ချိန်တည်းမှာပဲ “အချစ်” မရှိတဲ့ ဆက်ဆံရေးကြီးထဲမှာ ခန္ဒာကိုယ်လိုအပ်ချက်ကို ဖြည့်ဆည်းနေကြရတဲ့ သနားစရာ လူသားတွေလို့ပဲ မြင်လာမိတယ်။ ကိုယ်ခန္ဒာကို ရောင်းစားကြရရှာတဲ့ ညဌက်မတွေကိုလည်း တန်းစီမြင်ယောင်လာပြီး သနားစိတ်၊ ရွံရှာစိတ်၊ အော့နှလုံးနာစိတ်တွေ ဖြစ်လာတာပါပဲ။ အထူးသဖြင့် ရိုမန်းဘော့ထ်ဟာ နောက်ထပ်ဘဝတူ ရိုမန်းဘော့ထ်ကို တွေ့ချိန်မှာ စကားပြောချင်စိတ်တွေ တဖွားဖွားဖြစ်နေတဲ့ အခန်းမှာ ကျမ ယောင်္ကျားတွေကို တော်တော်သနားသွားတယ်။ အိမ်မှာ မိန်းမတွေ ကလေးတွေရှိပါရဲ့နဲ့၊ အိမ်ကမိန်းမ၊ ကလေး၊ စီးပွားရေး အိမ်ကိစ္စတွေကို စိတ်မဝင်စားနိုင်ဘဲ၊ အခြားငယ်ငယ်ရွယ်ရွယ် မိန်းမတစ်ယောက်ယောက်ကို စိတ်ဝင်စားနေရရှာတဲ့ အသက်ကြီးကြီးယောက်ျားကြီးတွေ၊ ကာရာအိုကေမှာ ပျော်ပါးရရှာတဲ့ ယောင်္ကျားတွေရဲ့mid-life crisis တွေကိုလည်း ခံစားလိုက်ရသလိုပဲ၊ အထီးကျန်ဆန်လှချည့်၊ ဘဝအဓိပ္ပာယ်မဲ့လှချည့်။
အပျိုလေးတွေအနေနဲ့ (အများစု) ကတော့ စာအုပ်ဖတ်မိပြီး၊ ဝတ္ထုထဲက ရိုမန်းဘော့ထ် တစ်ချိန်လုံးအော့အန်နေသလို ရိုမန်းဘော့ထ်နဲ့အတူ အပြိုင်ကို တစ်ကယ်ကို အော့အန်ချင်မှာပဲ။ အချစ် ဆိုတာကိုလည်း တော်တော်ကြောက်သွားမယ်။ ကိုယ်မချစ်မနှစ်သက်သူနဲ့ အတူနေရရင် တော်တော်ကို အော့အန်ချင်စရာကောင်းမယ်ဆိုတာကိုလည်း ရိုမန်းဘော့ထ်က ပြသထားတယ်လို့လည်း ကျမ ခံစားရတယ်။ (လူဆိုတာကလည်း မိမိစိတ်နဲ့ဘဲ နှိုင်းတတ်ကြတော့ ဒီလိုပဲဖြစ်မယ်လို့ ကျမထင်နေချိန်မှာ၊ ရိုမန်းဘော့ထ် စာအုပ်ဖတ်ပြီး ကာမစိတ်ဖြစ်သူတွေလည်း ရှိချင်ရှိမှာပေါ့)
နောက်တစ်ခုက ရိုမန်းဘော့ထ်ကို ဝေဖန်ကြရင်း ‘နိုင်ငံခြားကို တုပရင် သူတို့ရဲ့ စီးပွားရေး၊ ကျန်းမာရေးကို တုပ ပါ’ ဆိုပြီး ပြောတတ်ကြသေးတယ်။ “အနောက်နိုင်ငံရဲ့ အတွေးအခေါ်” တွေဆိုပြီးတော့လည်း ဝါးလုံးနဲ့သိမ်းယမ်းတတ်ကြသေးတယ်။
ထိုသူတွေပြောတဲ့ နိုင်ငံခြား ဆိုတာ တိုးတက်နေတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ပြောတယ်လို့ ကျမ ယူဆပါတယ်။
ထို နိုင်ငံခြားတိုင်းပြည်တွေဟာ တိုးတက်တယ်ဆိုကတည်းက အကြောင်းရှိတယ်။ ကျမတို့ကိုယ်တိုင် နိုင်ငံခြားကို မရောက်လာခင်က၊ ဘာဘောင်အတားအဆီးမရှိတဲ့ သူတွေ၊ ဖြစ်ချင်ရာဖြစ်နေသူတွေ လို့ ထင်ခဲ့တယ်။ လမ်းပေါ်မှာ ပေါ်ချင်တိုင်းပေါ်၊ ဒုန်းဒုန်းဒက်ဒက်နဲ့ သေနတ်တွေနဲ့ ပစ်ချင်တိုင်း ပစ်၊ လူကြီးသူမ မရိုသေတဲ့ သူတွေ…. အဲသလိုထင်အောင်လည်း ဦးနှောက်လျှော်ဖွတ်ခြင်း ခံခဲ့ကြရတယ်။
 (လမ်းဘေးဘီယာဆိုင် မှိုလိုပေါက်တဲ့ တိုင်းပြည်/မြို့တွေက လာတဲ့ မြန်မာလူငယ်တွေဟာ အဲဒီတိုးတက်ပါတယ်ဆိုတဲ့ တိုင်းပြည်တွေရဲ့ 7/11 ဆိုင်တွေမှာ ဘီယာရောင်းတယ်ထင်ပြီး လိုက်ရှာဝယ်ကြတဲ့ ဇာတ်လမ်းတွေ ကြားဖူးတယ်။ ခက်တာက အဲဒီအနောက်နိုင်ငံတွေမှာ ဘီယာဆိုင်တယ် မြို့နယ်တစ်ခုမှ ဘယ်နှစ်ဆိုင်ပဲ ဖွင့်ရမယ်ဆိုတဲ့ ကန့်သတ်တားဆီးချက် ရှိပါတယ်။
ဘယ်သူတွေက အနောက်နိုင်ငံအကြောင်းကို အခုလိုတွေ မကောင်းတာချည်းပဲမြင်အောင် ရေးသားပြောဆိုလို့၊ သတင်းမှားတွေပေးလို့ ကိုယ့်လူမျိုးအချင်းချင်းကို ဦးနှောက်လျှော်ဖွပ်နေကြတာလဲ။ ဘာဖြစ်လို့လည်း၊ ကောင်းတာတွေ၊ သူတို့စည်းကမ်းရှိတာတွေ၊ ကြိုးစားတာတွေ၊ တီထွင်တတ်တာတွေ၊ ကူညီတတ်တာတွေ၊ တိကျမှန်ကန်စွာအလုပ်လုပ်တာတွေကို ဘာဖြစ်လို့ မပြောကြတာလဲ။ ပြောတဲ့သူတွေကကော ဘယ်လိုလူမျိုးတွေလဲ၊ အနောက်နိုင်ငံကို တစ်ခါမှ မရောက်ဘူးဘဲ ကြားဖူးနားဝ စိတ်ကူးနဲ့မှန်းပြောတာလား။ ရောက်ဖူးတယ်ဆိုရင်ကော ဘယ်လောက်ကြာကြာရောက်ဖူးတာလဲ၊ နှစ်ပတ်လောက် စီမီနာလာတတ်သူတွေလား၊ နှစ်နှစ်လောက် ဘွဲ့လွန်လာတက်သူတွေလား၊ ၄နှစ်လောက် ကျောင်းလာတတ်သူတွေလား၊ ခြောက်လလောက် ခဏလေး လာလည်သူတွေလား၊ ၅ နှစ်လောက် အလုပ်လာလုပ်သူတွေလား။
နေနေတဲ့လူတွေက ပြောတာဆိုရင်လည်း အလုပ်လုပ်ရင်း နေနေတဲ့သူတွေက ပြောကြတာလား၊ အလုပ်မလုပ်ဘဲ အိမ်မှာပဲ နေနေရင်း society တစ်ခုကို ပေတံတိုင်းတတ်သူတွေက ပြောကြတာလား၊ ထိုနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ သူတွေကပြောတယ်ဆိုလည်း ဘယ်လိုအလုပ်အကိုင်မျိုးကို လုပ်နေသူတွေက အနောက်နိုင်ငံတို့ နိုင်ငံခြားဆိုတာတွေရဲ့ အကြောင်းကို ဘယ်ပေတံ ဘယ်ရှုထောင့်ကနေ ပြောနေတာလဲ၊ ဘယ်လိုအလွှာတွေမှာ ကျင်လည်နေရင်း ပြောတာလဲ စသဖြင့် မေးခွန်းထုတ်စရာတွေ ရှိပါတယ်။
ဟောလီးဝုဒ်ရဲ့ သွေးဆောင်းဖျားယောင်းမှုတွေ၊ အနုပညာကို ခုတုံးလုပ်ငွေရှာကြသူတွေရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကိုကြည့်ြ့ပီး နိုင်ငံခြားဆိုတာ ဒါပဲဟဲ့၊ တူချင်လို့ လိုက်ပြီးစမ်းလုပ်ကြည့်ရအောင်ဆိုတဲ့ အတွေးတွေနဲ့ ရွှေသမင်အလိုက် မမှားကြစေချင်ဘူး။
တိုင်းပြည်တိုင်းမှာ လိုအပ်ချက်ဆိုတာ ရှိကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီတိုးတက်တယ်ဆိုတဲ့ တိုင်းပြည်က လူအများစုဟာ စည်းကမ်းအလွန်ရှိတဲ့ လူတွေဖြစ်တယ်။ ကိုယ်ကိုတိုင် နိုင်ငံခြားဆိုတာ မရောက်ခင်က၊ နိုင်ငံခြားကလူတွေဆို ရုပ်ပိုင်းဆိုင်ရာပဲ ပြည့်စုံတယ်၊ စိတ်ပိုင်းဆိုင်ရာ ဘာမှမပြည့်စုံဘူး၊ ကိုယ်တို့တွေသာလျှင် ယဉ်ကျေးသိမ်မွေ့တယ်၊ ဘာသာတရားကိုင်းရှိုင်းတယ်၊ အလှူအတန်းရက်ရောတယ်၊ အဲသလိုကို ထင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးတိုင်းပြည်ဆိုပြီးတောင် ကြွေးကြော်ချင်လိုက်သေးတာ။
နိုင်ငံခြားကမိဘတွေဆိုလည်း သားသမီးတွေကို ၁၈နှစ်ဆိုရင် အိမ်ပေါ်က ကန်ချလိုက်တာပဲ၊ သားသမီးတွေဆိုလည်း မိဘကို လူအိုရုံကို ပို့ပစ်လိုက်တာပဲ၊ တစ်ခါမှ မကြည့်ဘူး ဆိုတဲ့ အတွေးအခေါ်တွေကို ရိုက်သွင်းခြင်း ခံခဲ့ရတယ်။
နိုင်ငံခြားမှာ ရောက်တာ ၁နှစ်လောက်နဲ့ လူ့အသိုင်းဝိုင်းတစ်ခုကို အကြောင်းကို ချက်ခြင်း မသိနိုင်ပါဘူး။
ကြာကြာဝါးမှ ချိုလား ခါးလားကို သိသလို…. အဲဒါတွေ မှန်သလား မှားသလားဆိုတာ အနေကြာမှ သိမှာပါ။
လက်လှမ်းမှီသမျှ ဒီနိုင်ငံခြားက မိဘတွေဆိုတာ သူတို့ သားသမီးတွေ ၁၈နှစ် မပြည့်ခင်မှာ သိသင့်တတ်သင့်တာတွေကို တတ်နိုင်သမျှ (သူတို့ဘ၀နဲ့ ရင်းပြီး) အကုန်ပေးတတ်ပါတယ်။ မြန်မာပြည်မှ သူငယ်ချင်း မိဘတွေနဲ့ နိုင်ငံခြားက နီးစပ်ရာ သူငယ်ချင်းမိဘတွေမိဘတွေ ယှဉ်ရင်တောင် မတူပါဘူး။ ပေးဆပ်မှုက မတူပါဘူး။ မှန်တယ် မှားတယ်ဆိုတာထက် ဖြစ်နေတဲ့ အတိုင်းကို ပြောတာပါ။ ဒီဘက်မှာကလည်း ပိုပြီး ဖြည့်ဆည်းနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ပဲ ပြောပါရစေ။ (မိဘတိုင်းဟာ သားသမီးတွေအတွက် အကောင်းဆုံးဖြစ်စေချင်ကြတာချည်းပဲမို့ စေတနာစိတ်ကတော့ ယှဉ်လို့ရပါတယ် - အခြေအနေတွေကြောင့်သာ သားသမီးတွေကို မပေးဆပ်နိုင်ကြတာပါ)
အရှည်ကြီးတွေ မရေးချင်တဲ့အတွက်… သူတို့ရဲ့ ကလေးတွေဟာ ၁၈နှစ် ပြည့်ပြီဆိုတာနဲ့ အိမ်ပေါ်က ကန်ချမယ်ဆိုလည်း ကန်ချလို့ ရနေပါပြီ၊ သူတို့ဘာသာ ရပ်တည်နိုင်လောက်အောင် ..
သုတိ သမ္မုတိ သင်္ချာ စ၊
ယောဂါနီတိ ၀ိသေသကာ။
ဂန္ဓဗ္ဗာ ဂဏိကာ စေ၀၊
ဓနု ဗေဒါ စ ပူရဏာ၊
တိကိစ္ဆာ ဣတိဟာသော စ၊
ဇောတိ မာယာ စ ဆန္ဒတိ။
ကေတု မန္တာ စ သဒ္ဒါ စ၊
သိပ္ပါဋ္ဌာရသကာ ဣမေ။
စတဲ့ ၁၈ရပ်နဲ့ ပြည့်နေပြီလို့ပဲ ဆိုပါရစေ။
သူတို့ ကလေးတွေကိုလည်း အရမ်းတန်ဘိုးထားပြီး ကာကွယ်တတ်ကြပါသေးတယ်။ အစိုးရကိုယ်တိုင်က အနာဂတ်ရဲ့ ကြယ်ပွင့်တွေကို ဖူးဖူးမှုတ်ထားတာပါ။ အဲသလို သက်ဆိုင်ရာတွေက တာဝန်ယူဖို့ ပျက်ကွက်တယ် ဆိုရင်တောင်၊ လူမှုအသိုင်းဝိုင်းတစ်ခုလုံးက သူတို့ကလေးတွေ လိုတာကို ဝိုင်းဖြည့်ဆည်းသွားတတ်ပါတယ်။
ဒါကသားသမီးအပိုင်း…
နိုင်ငံခြားတွေမှာ မိဘတွေကိုလည်း သားသမီးတွေက ပစ်ထားတယ်၊ မကြည့်ဘူး၊ လူအိုရုံပို့ပစ်လိုက်တာပဲ ဆိုပြီး ထင်သလိုပြောတာတွေကလည်း မမှန်ပါဘူး။ လူအိုရုံဆိုတာလည်း အပေါစားလူအိုရုံတောင် မိဘကို သွားထားဖို့ တစ်လကို ဒေါ်လာနှစ်ထောင်ခန့် ပေးရတတ်ပါတယ်။ တစ်လကို ဒေါ်လာ ရှစ်ထောင်မှ တစ်သောင်းခွဲထိ တန်တဲ့ လူအိုရုံတွေ (ကိုယ်တွေ့ဖြစ်ရပ်တွေ) ကို ကြယ်စင်ဆယ့်တစ် ဝတ္ထုစာအုပ်ထဲမှာလည်း ရေးထားလို့ ကျမ ထပ်မကျော့ချင်တော့ပါဘူး။ (ကျမသူငယ်ချင်းတွေထဲမှာ သူတို့မိဘ နေမကောင်းလို့ အလုပ်ပြုတ်ခံပြီး စောင့်လျှောက်သူတွေ အများကြီး ရှိပါတယ်) လူအိုရုံအကောင်းစားတွေမှာ နေရပေမယ့် အဘိုးကြီးအဘွားကြီး တစ်ဦးတည်း အထီးကျန်ဆန်နေရှာမှာပေါ့ ဆိုရင်၊ မိမိပတ်ဝန်းကျင်မှာ အသက်ကြီးလို့ အိမ်ရှေ့မှာ ဝေဝေဝါးဝါး အရောင်မဲ့ မျက်လုံးတွေနဲ့ ငေးမောတွေဝေအထီးကျန်နေရရှာတဲ့ အဘိုးအဘွားတွေ၊ ဟိုနေ့ကဖတ်လိုက်ရသလို ဈေးနားမှာ လာပစ်ထားလို့ သတိမရတချက်၊ ရတစ်ချက်ဖြစ်နေတဲ့ အဘိုးအဘွားတွေလည်း မြန်မာပြည်မှာ ရှိပါတယ်။ ဒီလိုဖြစ်လို့ မြန်မာတစ်ပြည်လုံးမှာ အဘိုးအဘွားအသက်ကြီးရင် လမ်းဘေးမှာ သွားပစ်လိုက်တာပဲလို့ ဆိုလို့ မရပါဘူး။ လူမှုအဖွဲ့အစည်းတစ်ခုကို မြင်တာလေးတစ်ခုထဲကိုကွက်ပြီး၊ ပြောလို့မဖြစ်ပါဘူး။
*********
နိုင်ငံခြားဆိုတာ ရုပ်ပိုင်းဆိုင်ရာပဲ ပြည့်စုံတယ်၊ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံဘူးဆိုတဲ့ အပြောတွေကလည်း မမှန်ပါဘူး။ အနောက်နိုင်ငံအတွေးအခေါ်တွေထည့်ထားတဲ့ ရိုမန်းဘော့တ် ဆိုတာလည်း အကုန် မမှန်ပါဘူး။ ဒီဘက်တွေမှာ Angry Bird တောင်မှ ကြမ်းတယ်ရိုင်းတယ်ဆိုပြီး ကလေးတွေအတွက် TV မှာ မပြတဲ့ တိုင်းပြည်ပါ။ ဆဲဆိုတဲ့ ရုပ်ရှင်ကားတွေ၊ သွေးသံရဲရဲကားတွေကို ကလေးငယ်လေးတွေ အိပ်ချိန်လွန် ည ၉း၀၀ ကျော်မှ ပြပါတယ်။ မြန်မာပြည်မှာ နေ့နေ့ညညပြတဲ့ သွေးသံရဲရဲ ကိုရီးယားကားမျိုးတွေ ဒီမှာ တစ်ခါမှ နေ့ခင်းကြောင်တောင် မမြင်ရတတ်ပါဘူး။ လိင်နဲ့ပတ်သက်တဲ့ ကားတွေကို မိသားစုချယ်နယ်တွေမှာ ဘယ်တော့မှ မပြတဲ့အပြင်၊ အပေါ်ပိုင်းပေါ်တဲ့ကားတွေတောင် ညသန်းခေါင်ကျော်မှ ပြလေ့ရှိပါတယ်။ ဒါတောင်မှ ဘယ်ချယ်နယ်ဆိုပြီး သပ်သပ်ခွဲချထားပါတယ်။ အဲသလို စည်းကမ်းရှိတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။
ရိုင်းတဲ့၊ ကြမ်းတမ်းတဲ့၊ ညစ်ညမ်းတဲ့ material (သီချင်းတွေ၊ စာတွေ ၊ ရုပ်ရှင်တွေကို) Obscenity, Indecency နဲ့ Profanity ဆိုပြီး စနစ်ကျစွာ အပိုင်းသုံးပိုင်းခွဲထားပါတယ်။
ပထမအဆင့် profanity (ရိုင်းစိုင်းခြင်း) ကို မြန်မာလို အနီးစပ်ဆုံး အဓိပ္ပယ်ပြန်ရမယ်ဆိုရင် သောက် ဒါမှမဟုတ်လဲ F နဲ့စတဲ့ဟိုစကားလုံး လေးလုံးမျိုးဖြစ်ပါတယ်။ အဲသလို စကားလုံးမျိုးတွေပြည့်ဝနေတဲ့၊ အဖန်တလဲလဲ သုံးနေတဲ့ material တွေဟာ profanity category ထဲမှာပါပါတယ်။ အဲသလို .. profanity category ထဲမှာပါတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို ဒီမိုကရေစီတိုင်းပြည် အချို့တွေမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာ နံနက် ခြောက်နာရီမှ ည ဆယ်နာရီအတွင်း လွှင့်ခွင့်မပေးပါဘူး။
ဒုတိယအဆင့် Indecent (မဖွယ်မရာ) ဖြစ်တဲ့ သီချင်း၊ ရုပ်ရှင်တွေကတော့ လိင်ကိစ္စများပါတဲ့ သီချင်း၊ ရုပ်ရှင်များဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်များ၊ သီချင်းများကိုလည်း သက်ဆိုင်ရာများက ရုပ်မြင်သံကြားများနဲ့ ရေဒီယိုများကို ကလေးများကြည့်နိုင်တဲ့၊ နားထောင်နိုင်တဲ့ နံနက် ၆ နာရီမှ ည၁၀နာရီအထိ လွှင့်ခွင့်မပေးပြန်ပါဘူး။
တတိယအဆင့် Obscenity ကိုတော့ လွှင့် ခွင့်မပေးပါဘူးလို့ဆိုပါတယ်။ သီချင်း၊ ရုပ်ရှင်များကို ဒီတတိယညစ်ညမ်းဆင့်အထိ သတ်မှတ်တဲ့အခါမှာလဲ ဒီတိုင်းသတ်မှတ်လိုက်တာ မဟုတ်ဘဲ၊ အချက်သုံးချက်နဲ့ ပြည့်စုံရပါတယ်။ ပထမအချက်အနေနဲ့ ရာဂကို လှုံ့ဆော်ရမယ်၊ ဒုတိယအချက်အနေနဲ့ လိင်မြင်ကွင်းတွေပါရမယ် (လိင်မြင်ကွင်းဆိုတာတောင်မှ ချမှတ်ထားတဲ့ ဥပဒေသအတွင်းက ဒါ လိင်မြင်ကွင်း လို့ သတ်မှတ်မှ သတ်မှတ်လို့ ရပါတယ်လို့ ဆိုပါတယ်)။ တတိယအချက်ကတော့ ဒီ ရုပ်ရှင် သို့မဟုတ် သီချင်းဟာ လေးနက်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ သိပ္ပံ၊ နိုင်ငံရေး နဲ့ အနုပညာ တန်ဘိုး လုံးဝမပါတာပဲဖြစ်ပါတယ်။ ဒါကြောင့် material တစ်ခုဟာ ပထမ အဆင့်ကော၊ ဒုတိယအဆင့်နဲ့ကော ညိနေပြီဆိုပါတော့၊ ဒါတောင် တတိယအဆင့်နဲ့ မညိဘူးဆိုရင်၊ ဥပမာ.. သိပံ္ပကို အားပေးနေတာ (scientific value) ဖြစ်တယ်ဆိုရင်၊ အနုပညာတစ်စုံတစ်ရာ(artistic merit) ပါဝင်နေတယ်ဆိုရင်၊ obscenity category ထဲကို ဆွဲသွင်းလို့ မရပါဘူး။ ဒီသုံးမျိုးလုံးနဲ့ ညိမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ Obscenity ထဲကိုထည့်လို့ရပါတယ်။
ဒါကိုကြည့်ခြင်းများဖြင့် အဆင့်သုံးဆင့်နဲ့ ဒီလိုသီချင်း၊ ရုပ်ရှင်တွေ၊ စာစောင်တွေကို ထိန်းသိမ်းထားတာကို တွေ့နိုင်ပါတယ်။ ဘာမဆို အရမ်းပိတ်ပင်တားဆီးတာမျိုး ဒီမိုကရေစီ နိုင်ငံအချို့က ရှောင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်ချင်တိုင်းဖြစ် လွှတ်ထားတာမျိုး မဟုတ်ပါဘူး။ တတ်နိုင်သမျှ ပထမအဆင့်အနေနဲ့ regulate, ဒုတိယ restrict လုပ်ပြီးတော့မှ နောက်ဆုံးအဆင့်အနေနဲ့ ဘယ်လိုမှ မရတော့မှ prohibit (ပိတ်ပင်) လေ့ရှိကြပါတယ်။
တစ်စုံတစ်ရာကို ပိတ်ပင်တားဆီးလိုက်တဲ့ နည်းလမ်းဟာ တစ်ကယ်တော့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ ဘာမှလဲ သိပ်ထွေထွေ ထူးထူးစဉ်းစားစရာမလိုဘဲ ပိတ်ပင်လိုက်ခြင်းဖြင့် ပြဿနာတစ်ခုဟာ ရေတိုမှာ လွယ်လွယ်လေးနဲ့ ပြေလည်သွားသယောင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ ရေရှည်အကျိုးသက်ရောက်မှုတွေ၊ ကောင်းကျိုးဆိုးကျိုးတွေကို ထည့်စဉ်းစားကြရမှာဖြစ်ပါတယ်။
အလွယ်တကူပိတ်ပင်တားဆီးလိုက်ခြင်းဟာ တီထွင်ကြံဆတတ်ခြင်း (invention တို့ creativityတို့) ကို ပိတ်ဆို့ထားတဲ့ ပတ်ဝန်းကျင်တစ်ခုကို မွေးဖွားပေးလိုက်တာမျိုးလဲ ဖြစ်တတ်တာကို သတိပြုသင့်ပါတယ်။
ဒီမိုကရေစီစိတ်ဓာတ်ကို မွေးဖွားကြီးထွားစေချင်တယ်ဆိုရင် သူတစ်ပါးရဲ့ rights & freedom ကို လေးစားသင့်တယ်လို့ ဆိုကြပါတယ်။ အခြားသူများရဲ့ မိမိနှင့် လုံးဝမတူညီသော အတွေးအခေါ်၊ ခံယူချက်၊ ထင်မြင်ချက်၊ value၊ စသည်တို့ကိုလည်း လေးစားရမယ်လို့ ဆိုကြပါတယ်။ ဒါကိုပြောလို့ အကုန်လုံးဖြစ်ချင်ရာဖြစ် လွှတ်ပေးလိုက်တာမျိုးမဟုတ်သလို၊ အကုန်လုံးကိုလဲ ပိတ်ပင်တားဆီးထားတာမျိုးလည်း မဟုတ်ပါဘူး။
၁၉၆၀ခုနှစ်တွေတုန်းက Rolling Stone အဖွဲ့ဟာ Let’s spend the night together ကို Let’s spend some time together လို့ပြောင်းဆိုခဲ့ရပါတယ်။ ၁၉၅၀ခုနှစ်တွေတုန်းကလဲ အဲလ်ဗစ်ပရက်စလီရဲ့ ခါးတစ်ဝိုက်ကို ဗီဒီယိုရိုက်ခွင့်၊ ထုတ်လွှင့်ခွင့်မရှိပါဘူး။ ၁၉၉၂ ခုနှစ်မှာတော့ erotic sound recording တွေ ရောင်းချမှုကို ပိတ်ပင်တဲ့ ဥပဒေတစ်ရပ် ၀ါရှင်တန်စတိတ်မှ ထွက်လာပါတယ်။ အသက် ၁၈နှစ်အောက် ကလေးတွေကို ကာကွယ်ရန်ရည်ရွယ်တဲ့ သဘောရှိတယ်။ ၁၉၉၄ မှာတော့ Soundgarden vs. Eikenberry အမှုမှာ အဲဒီဥပဒေကို အခြေခံဥပဒေ နဲ့မညီ (unconstitutional) လို့ ခုံရုံးက သတ်မှတ်လိုက်ပါတယ်။ အခြေခံဥပဒေနဲ့ မညီတာကတော့ erotic ဆိုတဲ့စကားလုံးကို အဓိပ္ပယ်ခွဲခြမ်းလို့ မရလို့ပါလို့ဆိုပါတယ်။
စာကြည့်တိုက်တွေရှိတဲ့ Rule အချို့ကို Burnaby စာကြည့်တိုက်မှူး မစ္စဒေါ့ရစ်ရှမ်းကို ကျမ အင်တာဗြူးစဉ်က ၊ စာကြည့်တိုက်တွေမှာ မိမိနဲ့အတွေးအခေါ်၊ ဘာသာရေးအယူအဆ၊ မတူလို့ဆိုပြီး စာအုပ်တွေကို မဝေမျှဘဲ နေလို့ မရပါဘူးလို့ သူမက ဆိုပါတယ်။ ပြည်သူလူထုကို အကုန်ချပြရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူထုက ကန့်ကွက်တာများလာရင်တော့ အဲဒီစာအုပ်တွေကို challenged books စာရင်းသွင်းပြီး ဖယ်ထုတ်ရင်ဖယ်ထုတ်ရတတ်တယ်လို့လည်း ဆိုပါတယ်။ ကျောင်းစာကြည့်တိုက်တွေမှာတော့ ကျောင်းပေါ်လစီအရ ဘယ်လိုစာအုပ်မျိုးမှ ကျောင်းစာကြည့်တိုက်မှာ ထားခွင့်ရှိတယ်ဆိုတဲ့ စည်းကမ်းတွေ ရှိပါတယ်။ ဒီအပြင် ဆရာ-မိဘ အစည်းတွေကို တက်တက်ကြွကြွ တက်ကြတဲ့ တိုင်းပြည်တွေမှာ၊ မိဘတွေရဲ့ပြောရေးဆိုရာဟာလည်း အလွန်အရေးကြီးတတ်ပါတယ်။ လိင်နှင့်စပ်ဆိုင်သော ညစ်ညမ်းစာအုပ်များ၊ မိမိကိုယ်ကို သေကြောင်းကြံသည့် ဇာတ်လမ်းများပါသော ဝတ္ထုများ၊ ကုန်ကုန်ပြောရရင် ပင်ဂွင်းလေးတစ်ကောင်ကို ပင်ဂွင်းအထီးလေးနှစ်ကောင်က ပြုစုပျိုးထောင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့ ဝတ္ထုကိုတောင် challenged စာရင်းထဲ ထည့်ထားပါတယ်။ အဖေနှစ်ယောက်က ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ ဂေး ဇာတ်လမ်းဖြစ်နေလို့ဖြစ်တယ်လို့ ဆိုကြပါတယ်။
Challenged/banned စာအုပ်တွေထဲမှာ….
  • Gone With the Wind, Margaret Mitchell, 1936
  • The Adventures of Huckleberry Finn, Mark Twain, 1884
  • Catch-22, Joseph Heller, 1961
  • Our Bodies, Ourselves, Boston Women’s Health Book Collective, 1971
  • The Scarlet Letter, Nathaniel Hawthorne, 1850
  • To Kill a Mockingbird, Harper Lee, 1960
  • The Words of Cesar Chavez, Cesar Chavez, 2002
စတဲ့စာအုပ်တွေ အပါအဝင်ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ရဲ့ challenged books စာရင်းကိုလည်း ဖော်ပြခွင့်ပြုပါ။
Out of 307 challenges as reported by the Office for Intellectual Freedom
1. Captain Underpants (series), by Dav Pilkey
Reasons: Offensive language, unsuited for age group, violence
2. The Bluest Eye, by Toni Morrison
Reasons: Offensive language, sexually explicit, unsuited to age group, violence
3. The Absolutely True Diary of a Part-Time Indian, by Sherman Alexie
Reasons: Drugs/alcohol/smoking, offensive language, racism, sexually explicit, unsuited to age group
4. Fifty Shades of Grey, by E.L. James
Reasons: Nudity, offensive language, religious viewpoint, sexually explicit, unsuited to age group
5. The Hunger Games, by Suzanne Collins
Reasons: Religious viewpoint, unsuited to age group
6. A Bad Boy Can Be Good for A Girl, by Tanya Lee Stone
Reasons: Drugs/alcohol/smoking, nudity, offensive language, sexually explicit
7. Looking for Alaska, by John Green
Reasons: Drugs/alcohol/smoking, sexually explicit, unsuited to age group
8. The Perks of Being a Wallflower, by Stephen Chbosky
Reasons: drugs/alcohol/smoking, homosexuality, sexually explicit, unsuited to age group
9. Bless Me Ultima, by Rudolfo Anaya
Reasons: Occult/Satanism, offensive language, religious viewpoint, sexually explicit
10. Bone (series), by Jeff Smith
Reasons: Political viewpoint, racism, violence
အောက်ပါလင့်ကတော့ နိုင်ငံတကာအစိုးရတွေက သူတို့ပြည်သူတွေဖတ်ခွင့်မရအောင် ပိတ်ပင်ထားတဲ့ စာအုပ်တွေပါ။
http://en.wikipedia.org/wiki/List_of_books_banned_by_governments
ကမ္ဘာပေါ်မှာ ရိုမန်းဘော့ထ် လိုစာအုပ်တွေ၊ အဲဒီထက်ဆိုးတဲ့ စာအုပ်တွေ အချီကြီးပေါ်ခဲ့ပါတယ်။ ဝေဖန်မှုတွေ အပြင် challenged list ထဲ ထည့်လို့ ကျောင်းစာကြည့်တိုက်၊ လူထုစာကြည့်တိုက်တွေကနေ ပယ်ချခဲ့ကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တရားစီရင်ရလောက်အောင်တော့ ဖြစ်သင့်သလားဆိုတာပဲ မေးခွန်းထုတ်ချင်တာပါ။
ရိုမန်းဘော့ထ်ကို တရားမစီရင်ခင်မှာ….
ကျမတို့ တိုင်းပြည်ထဲမှာ…. တင်နဲ့ရင်ကိုပဲ ပြတတ်တဲ့ ကော့လန်ကား ပြက္ခဒိန်တွေကို အများပြည်သူ (အထူးသဖြင့် ကလေးတွေ) မြင်နိုင်တဲ့ နေရာတွေကနေ အရင်ဖြုတ်ချပါ။ (မျက်စိယဉ်နေကြလို့သာ၊ မျက်စိမယဉ်သူတွေနဲ့က ဖြတ်သွားဖြတ်လာမြင်ရင်တောင် ဘာတွေကော့ပြနေတာလည်း ရှက်စရာဖြစ်ပါတယ်၊ မယုံမရှိပါနဲ့) မပေါ့်တပေါ် မျက်နှာဖုံးတွေကို ဒီနိုင်ငံကတွေလိုပဲ ပလစ်စတစ်နဲ့ လူတကာ မမြင်ရအောင် အုပ်ပေးပါ။ အနုပညာကိုခုတုံးလုပ်ပြီး တဏှာထနေတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေ ဂီတတွေကို ၁ဂနှစ်တန်သည် တံဆိပ်ကပ်ပေးပါ။ ဒါမှ ဘယ်ဟာကို ဖတ်သင့်၊ ကြည့်သင့်၊ နားထောင်သင့်တယ်ဆိုတာကို ကလေးတွေမိဘတွေနဲ့ ဆရာသမားတွေက သိမှာဖြစ်ပါတယ်။ သွေးသံရဲရဲရုပ်ရှင်ကားတွေ၊ အညှီအဟောက်နဲ့ မလွတ်ကင်းတဲ့ ရုပ်ရှင်ကားတွေကို ကျမတို့ မြန်မာကလေးတွေ မျက်စိရှေ့က ဖယ်ပေးပါ၊ ထိုင်းကနေဝင်လာတဲ့ အဆိပ်တောက် တရားမဝင်အခွေတွေကို ဖယ်ရှားပေးပါ။ လမ်းဘေးက အခွေဆိုင်တွေကို လူမမယ်တွေ ဝင်ချင်တိုင်းဝင်ပြီး ဌားချင်တိုင်း ဌား၊ ကြည့်ချင်တိုင်းကြည့်လို့မရအောင် စည်းကမ်းချပေးပါ၊ လိုင်စင်ပေးပါ။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမငြိမ်မသက်ဖြစ်စေတဲ့၊ လူတွေကို စိတ်ကိုမတည်ငြိမ်အောင် ဆွပေးတတ်တဲ့ အနှောင့်အသွားမလွတ်စာတွေကို ပလစ်စတစ်နဲ့ဖုံးပေးပါ။ အကန့်အသတ်မဲ့ ဖွင့်ထားတဲ့ ဘီယာဆိုင်တွေ၊ မပျက်တပျက်မိန်းမတွေရနိုင်တဲ့ အဲဒီလမ်းကို ဖွင့်ပေးထားတဲ့ ကာရာအိုကေဆိုင်တွေ ကို သေချာလိုင်စင်ချပြီး အကန့်အသတ်နဲ့ စည်းနဲ့စနစ်နဲ့ ကြပ်မတ်ပေးပါ။
အဲဒါတွေပြီးမှ ဟိုနိုင်ငံက ဒီလိုမို့လို့၊ ဒီနိုင်ငံက ဒီလိုမို့လို့ဆိုပြီး ဝေဖန်ကြပါစို့။
အဲဒါတွေပြီးမှာ အောင်ရင်ငြိမ်းကို တရားစီရင်ကြပါစို့။
အရင်ဆုံး ကိုယ့်မျက်စိတွင်းက မျက်ချေးကိုအရင်ထုတ်ပြီးမှာ သူတစ်ပါးမျက်ချေးကို ရှင်းဖို့ ကြိုးစားနိုင်မှာဖြစ်တယ်။
ရိုမန်းဘော့ထ်ကိုတော့ စာအုပ်စင်ပေါ်မှာ ရှိသင့် - မရှိသင့် လူတွေက ဆုံးဖြတ်ခဲ့ကြပြီးပါပြီ။ ဒီစာအုပ်ကို လက်ခံသူတွေလည်း ရှိမယ်၊ အော့နှလုံးနာသူတွေလည်း ရှိမယ်။ စာအုပ်နဲ့စာပါအကြောင်းအရာကိုပဲဖြစ်ဖြစ်၊ ရေးဟန်ကိုပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ရေးသူကိုပဲဖြစ်ဖြစ်၊ လက်ခံချင်သူတွေ စိတ်လွတ်လက်လွတ်လက်ခံ၊ အော့နှလုံးနာသူတွေလည်း စိတ်ရှိလက်ရှိအော့နှလုံးနာနိုင်တယ်၊ ဒါ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ။  လူတွေကိုချပြလိုက်ပြီးပြီမို့ လူတွေကလည်း သူတို့တာဝန် သူတို့ယူသွားခဲ့ပြီ။ ဒီဘက်နိုင်ငံတွေက စကားအရ challenged book ဖြစ်သွားပြီ။
ဒါပေမယ့်…. ရိုမန်းဘော့ထ်ကို ဖန်တီးသူနဲ့ အဖွဲ့ကို တရားစွဲရလောက်အောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့တွေ အချိန်ကုန်ခံ၊ လူပင်ပန်းခံလောက်အောင် ရိုမန်းဘော့ထ် ကို တုန်လှုပ်စရာအကြောင်းရှိသလား၊ ရှိတယ်ဆိုရင် အထက်မှာ ရေးထားတဲ့ ရိုမန်းဘော့ထ် ထက် ဆိုးဝါးတဲ့၊ ပျော့ပျော့လေးနဲ့ အဆိပ်ပြင်းတဲ့ မြန်မာစာပေလောကထဲက အဆိပ်စာအုပ်တွေ၊ မိန်းမတွေကို နှိမ်ထားတဲ့ စာအုပ်တွေ၊ မသိမသာဖိနှိပ်အောင် ရေးထားခဲ့တဲ့ စာအုပ်တွေ၊ ဘာသာရေး၊ နိုင်ငံရေး မသိမသာ လှုံဆော်နိုးဆွထားတဲ့ စာအုပ်တွေ၊ တရားမျှတမှု မရှိတဲ့ အတွေးအခေါ်တွေနဲ့ လူထုကို အဆိပ်ဖြစ်စေတဲ့ စာအုပ်တွေ၊ လူတွေရဲ့ စိတ်ကို တစ်ခါမှ မငြိမ်းချမ်းစေတဲ့ အတွေးခေါ်တွေနဲ့ ပြည့်နှက်နေတဲ့ စာတွေ၊ (မောင်နဲ့နှမ၊ သားနဲ့အမိ အတူတူကြည့်လို့မှ မသင့်တော်တဲ့ အောက်ပိုင်းကကို မတက်တဲ့ ဇာတ်ပွဲပျက်လုံးတွေကို ရေးသားသူတွေ၊ သရုပ်ဆောင်တွေနဲ့ စီစဉ်တင်ဆက်သူတွေ)၊ ဆယ်ကျော်သက်တွေကို မသိမသာ မိန်းမူးစေတဲ့ ရုပ်ရှင်တွေ ဂီတတွေကို ဖန်တီးထုတ်လုပ် ဖြန့်ဝေသူတွေ၊ အနုပညာကို ခုတုံးလုပ်ထားပြီး ငွေရှာသူတွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းတွေကိုကော ဒီလူမှုအသိုင်းအဝိုင်းက ဘယ်လိုကိုင်တွယ်မလဲ လို့ပဲ မေးခွန်းထုတ်ချင်ပါတော့တယ်။

 အိမ့်ချမ်းမြေ့
ref: http://www.ala.org/bbooks/frequentlychallengedbooks/top10

0 comments:

Post a Comment