Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Thursday, May 8, 2014

ရန်ကုန်မြို့တော် ယာဉ်ပိတ်ဆို့မှု ပြဿနာအတွက် P များ



ရန်ကုန်စက်မှုတက္ကသိုလ် B.E ကျောင်းသားဘ၀တုန်းက လမ်းတွေပေါ်က ယာဉ်စီးရေကို စာရင်းကောက် မြားပြဒိုင်ယာ ဂရမ်တွေဆွဲ၊ ၀ါစိမ်းနီ မီးပွိုင့်အချိန်တွေတွက်၊ ကားဘရိတ်ဖမ်းရမည့် အကွာအဝေးတွေတွက် စသည်ဖြင့် ပရောဂျက်လေးလုပ်ခဲ့ရသည်။
ယခုရန်ကုန်မှာလုပ်နေသော ယာဉ်ထိန်းအင်အားတိုးခြင်း P (Police volume) ၊ ပလက်ဖောင်းဧရိယာနှင့် ၀န်ဆောင်မှု တိုးမြှင့်ခြင်း P (Platform Service) ၊ ကားရပ်ကွင်းများ ဖန်တီးခြင်း P (ParkingSpace) ၊ လမ်းများချဲ့၊ ခုံးကျော်တံ
တားများဆောက်ခြင်း P (Pushfor LOS-Level of Service) များသည် ကောင်းမွန်သော အစီအမံများ၊ လုပ်သင့်သည်များ ဖြစ်ပါသည်။ သို့သော် စစ်မှန်သော၊ သုတေသန ပြုထားသော Peak Volume ယာဉ်အသွားအလာအများဆုံးအချိန်နှင့် Peak Duration ယာဉ်အရေအတွက် အများဆုံးပမာဏကို အခြေခံမှ ထိရောက်ပါလိမ့်မည်။ သို့မဟုတ်ပါက မလိုအပ်သော၊ ရပ်မည့်ကားမရှိသော တစ္ဆေကားပါကင်များဆောက်မိခြင်း၊ လျှောက်မည့်သူမရှိသော ပလက်ဖောင်းများ ချဲ့မိခြင်း၊ ထိရောက်မှုနည်းသော ခုံးကျော်တံတားများ ရွေးချယ်မိခြင်းများ ဖြစ်တတ်ပါသည်။ Peak Volume အမှန်ကို အခြေခံ ပြင်ဆင်နေသည်ဟုလည်း ယုံကြည်ပါသည်။ ယခု အဓိက ဆွေးနွေးလိုသည်မှာ ရေရှည်အတွက် မဖြစ်မနေ၊ အမြဲလုပ်
နေရမည့် နောက်ထပ် “ P ” များ ဖြစ်ပါသည်။
ကျွန်တော်တို့မြို့တော်၏ အမြင့်ဆုံး အကျပ်အတည်း Peak ကို သိပြီဆိုပါက ဘာကြောင့်လူတွေ ဒီနေရာတွေကို သွားနေရသလဲ ပြန်စဉ်းစားရတော့မည်။ ဘန်ကောက်တက္ကသိုလ် M.E တန်းမှာ သင်တာက Upstream thinking အထက်ကို ခြေရာကောက်၊ ဆန်ပြီး တွေးခြင်းဟု ဆီလျော်အောင် ပြန်ရမည်ထင်သည်။ ကမ္ဘာ့မြို့ကြီးများလိုပဲ ဆိုရပါမည်။ အလုပ်လုပ်ဖို့၊ပိုက်ဆံ/အလုပ်/ပညာရှာဖို့၊ ရုံးတက်ဖို့၊ လူတွေမြို့ထဲ တိုးဝင်နေသည်။ အဲဒီလူတွေ မြို့ထဲမသွားဘဲ သူတို့လိုအင်ပြည့်အောင် ဆောင်ရွက်ပေးခြင်းသည် အထိရောက်ဆုံး ဖြေရှင်းနည်းဖြစ်ပါသည်။ စာထဲမှာ ယင်းဖြေရှင်းနည်းများကို Pull and Push Factors ဆွဲဆောင် ရွှေ့ပြောင်းနိုင်မှုကိန်းများဟု ခေါ်ပါသည်။ လူအများစု တိုးဝင်ရာ မြို့လယ်များသည် ရုံးနှင့် ၀န်ဆောင်မှုလုပ်ငန်းများရှိရာ စီးပွားရေးစင်တာများ ဖြစ်နေတတ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချက်သုံးချက်ကြောင့် လူများရှိသင့်သည်ထက် စုပုံတိုးဝှေ့နေတတ်သည်။ ပထမက ကြိုးနီစနစ်ဖြစ်သည်။ ကိစ္စအရေးကြီးကြီး၊ မကြီးကြီး လူကိုယ်တိုင်လာ၊ အပြောင်းအလဲ၊ အလျှော့အတင်းမရှိသော ရုံးလုပ်ငန်းအတိုင်း လာလုပ်ဆိုသောပြဿနာ။ ဒုတိယက နည်းပညာအားနည်းမှု။ အွန်လိုင်းအခြေခံ ၀န်ဆောင်မှုများ မအောင်မြင်သရွေ့ လူတွေတစ်နေရာပြီး တစ်နေရာ မလိုအပ်ဘဲ သွားနေရသည့် ပြဿနာ။ တတိယက မြို့လယ်၏ ၀န်ဆောင်မှုစွမ်းအားကို အမှန်တိုင်း မသိမှု။ ကားပါကင် ဘယ်နှစ်နေရာ ပေးနိုင်မှန်းမသိ၊ ဓာတ်လှေကားစနစ် ဘယ်လောက်ပေးနိုင်မှန်းမသိ၊ လမ်းနှင့်ပလက်ဖောင်းများ၏ ၀န်ဆောင်မှုရေချိန် LOS (Level of Service) ကိုမသိ၊ အရန် အဆောက်အအုံအကျယ်နှင့် လူထုဧရိယာမျာျးကို တွက်ချက်မထားမှု စသည့် မသိခြင်း ပြဿနာများဖြစ်ပါသည်။
ဥပမာတစ်ခု ဆိုပါမည်။ လွန်ခဲ့သော ၂ နှစ်လောက်ထိ ဆူး စေတီတော်နားက ဆက်သွယ်ရေး ရုံးမှာ တန်းစီနေသော လူတန်း ရှည်ကြီးကြားမှာ ကျွန်တော်တို့ တစ်လ နှစ်ကြိမ်လောက် ညပ်နေတတ်သည်။ ဘာမှကြီးကြီး ကျယ်ကျယ်မဟုတ် ဖုန်းဘီလ်ဆောင်ဖို့ သက်သက်။ ယခုအဲဒီလို လူတန်းရှည်ကြီးတွေမရှိတော့ ငွေဖြည့်ကတ်ကနေ ဖုန်းဘီလ်ဆောင်သော နည်းပညာက ပြဿနာကို ရှင်းထုတ်လိုက်ပြီ။ ဒီလို အွန်လိုင်းဝန်ဆောင်မှုတွေ ဘဏ်ကြားခံ ဆောင်ရွက်မှုစနစ်တွေ ATM ကတ် တွေက လူတွေမလိုအပ်ဘဲ သွားလာနေရမှုတွေကို လျော့ကျစေပါလိမ့်မည်။ လက်ရှိ ရန်ကုန်မြို့လယ်က အစိုးရနှင့် ပုဂ္ဂလိကရုံးများ၊ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းလောက်သာ အွန်လိုင်းဝန်ဆောင်မှု ဆောင်ရွက်နိုင်ဦး၊ မြို့လယ်က လူနှင့်ကားတစ်ဝက်မက လျော့သွားပါလိမ့်မည်။ အရေးအကြီးဆုံးဖြစ်သလို အင်ဂျင်နီယာများ အမြဲစဉ်းစားတွက်ချက်နေရမည့် အချိုးတစ်ခု ရှိပါသေးသည်။ လူနေအိမ်ယာနှင့် စီးပွားရေးလုပ်ငန်း ဧရိယာအချိုးကျမှု ဖြစ်ပါသည်။ အဲဒီ P ကို ပီအကြီးဟု ကျွန်တော်တို့ခေါ်ပါသည်။
သူဘယ်လို အရေးပါသလဲ မပြောခင် နေ့လယ်ဘက်မှာ ကားရပ်စရာလုံးဝမရှိသော မြို့တော်ခန်းမတစ်ဝိုက်၊ ပန်းဆိုးတန်းတစ်ဝိုက်ကို ညရှစ်နာရီလောက်မှာ တစ်ချက်ကြည့်စေချင်ပါသည်။ သရဲခြောက်မတတ် လူရှင်းနေပါလိမ့်မည်။ အဲဒီအချိန်မှာ တစ်နေကုန်ကားမရှိသော လူနေရပ်ကွက်တွေထဲက အိမ်ရှေ့လမ်းဘေး နေရာလေးတွေမှာ ကားတွေလုရပ်ရင်း စကားများနေကြပါပြီ။ မြို့စွန်ကို ပြန်ရသူတွေ ညစာမစားရသေးဘဲ ဘတ်စ်ကားစီးတုန်း နွမ်းလျနေတုန်းဖြစ်ပါလိမ့်မည်။ ချစ်စရာကောင်းသော ကျွန်တော်တို့ရန်ကုန်မြို့တော်ကြီးမှာ မြို့သူမြို့သားတွေကို စနစ်တကျနေရာချထားပေးနိုင်သော လူနေခန်းနှင့် စီးပွားရေး (ရုံးခန်း) အချိုးတိကျစွာ ချမှတ်ထားမှုမရှိသေးပါ။ ကိုယ့်ကိစ္စ ကိုယ်ရှင်း၊ မတတ်နိုင်သူ မြို့ပြင် ထွက်ကြေးဖြစ်နေတုန်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ အိုဆာကာနှင့် ဖူကူအိုကာမှာ ခဏနေခဲ့တုန်းကတည်းသည့် အိမ်ရှင်အပြောအရ လုံးချင်းအိမ်မဟုတ်ဘဲ တိုက်ခန်းမှာနေသရွေ့ မြို့ပြင်၊ မြို့တွင်းနေသူများမှာ လူတန်းစား သိပ်မကွာလှ။ အလုပ်နှင့်နီးရာမှာ အဆင်ပြေရာနေကြသည့်သဘော။ ကျွန်တော်တို့ ရန်ကုန်စီးပွားရေး ရပ်ကွက်များ၏ လူနေ၊ ရုံးခန်းအချိုးကို ကျွန်တော်တို့ တွက်ချက်ထိန်းသိမ်းရပါမည်။ အဲဒီအချိုးနှင့်လမ်းတွေ၊ ကားရပ်ကွင်းတွေ၏ ၀န်ဆောင်မှု အဆင့်ဆင့် ချိတ်ဆက် မြှင့်တင်တည်ဆောက်ရပါမည်။ ဧရိယာတစ်ခုမှာ နေရာလွတ်ဖန်တီးနိုင်မှု ကုန်သွားပါက နေရာလွတ်ဖန်တီးနိုင်သော ဧရိယာကို ရွှေ့ယူရပါမည်။ လူနေ အဆောက်အအုံများ စီးပွားရေးလုပ်ငန်းများကို ရွှေ့ရမည်ဟု မဆိုလိုပါ။ မသိမသာ လိမ္မာပါးနပ်စွာ ရွှေ့ယူနိုင်သော စနစ်များ ရှိပါသည်။
ကျွန်တော်တို့မှာ အခွင့်အလမ်းများစွာရှိပါသည်။ ဥပမာ- သက်တမ်းကုန် အဆောက်အအုံဟောင်းတစ်လုံးကို ဖျက်ဆောက်ဖို့ အခွင့်ကြုံလာချိန်မှာ ကျွန်တော်တို့ ကြိုတင်တွက်ချက်ထားသော အချိုးအတိုင်းဝင်အောင် Plan ချခြင်း၊ ကြေညာထုတ်ပြန်ခြင်း Publication များ လုပ်နိုင်ပါသည်။ ဆရာ ဒေါက်တာကျော်လတ် စိတ်ပူသလို ရုပ်ဆိုးပန်းဆိုး ကွန်ဒိုတိုက်များ (Ugly Condos) မဖြစ်လာအောင်၊ ဆရာဒေါက်တာသန့်မြင့်ဦး စိုးရိမ်သလို ၁၈/၁၉ ရာစုမှ အလှတရားများကို ဖျက်ဆီးပစ်သလို မဖြစ်အောင်တော့ သတိကြီးကြီး ထားရပါလိမ့်မည်။ ကျွန်တော်နဲ့ နှစ်ချီခင်မင်လာသော နိုင်ငံခြားသား မြို့ပြပညာရှင်တစ်ယောက်က ရန်ကုန်ကို မိုးမျှော်တိုက်တို့ကင်းစင်ရာ လှပသော၊ ဗုဒ္ဓဘာသာထွန်းကားသော မှတ်တိုင်နိုင်ငံ (သူ့သဘောက ရွှေတိဂုံစေတီတော်ကို ဘက်ပေါင်းစုံက နေဖူးတွေ့ရတာကို ဆိုလိုပါသည်) ဥရောပနှင့် အာရှဗိသုကာလက်ရာများ ရောယှက်ရာ ယဉ်ကျေးမှုစုံသော၊ လူဦးရေမတန်တဆများ မလာအောင် ထိန်းထားနိုင်သော သာယာသော မြို့တော်သာ ဖြစ်စေချင်သည် ဆိုပါသည်။ ကျွန်တော်တို့အတွက် အတွေးပွားစရာအချက်များ ဖြစ်ပါသည်။
ကျွန်တော် ယခုဆောင်းပါးကို ရန်ကုန်မြို့တော် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအတွက်လို့ ခေါင်းစဉ်တပ်ခဲ့သည်။ ဒါပေသိ လူနှင့် အဆောက်အအုံများအကြောင်းများကိုသာ ဇောင်းပေးတင်ပြပါသည်။ ဘာကြောင့်လဲဆိုတော့ ယာဉ်ကြောပိတ်မှု ပြဿနာ၏ ရင်းမြစ်များဖြစ်လို့ ဖြစ်ပါသည်။ ခေါင်းစဉ်၏ P ဖြစ်သော မော်တော်ကား တင်သွင်းမှု၊ အသုံးပြုခွင့်ပေးမှု Policy ကို အခုမှပြောပါမည်။ အကြောင်းအမျိုးမျိုးကြောင့် အတိတ်က ကားတင်သွင်းမှု ထိန်းချုပ်ခဲ့သည်။ ယာဉ်ပိတ်ဆို့မှုတော့မရှိ (ပိတ်စရာ ကားမှမရှိဘဲကိုး)၊ ပြဿနာ နှစ်ခုတက်သည်။ တစ်ခုက ကမ္ဘာ့ဈေးအကြီးဆုံး ကားအစုတ်ဈေးတန်းကြီး ပေါ်လာသည်။
သည်ထက်ဆိုးတာက တက်ရိပ်သာရှိသော အဲဒီကား ဈေးကွက်ကို ယုံမှတ်စရာ ငွေမာစီးပွားရေးအဖြစ် ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံကြ၊ စုဆောင်းကြသည်။ ကားသည် စီးစရာ ယာဉ်မဟုတ်တော့။ စုဆောင်းငွေများ၊ အိုစာမင်းစာများ၊ ထမင်းအိုးများ၊ မိသားစုအာမခံချက်များဟူသော ယုံကြည်ချက်ကို ဆယ်စုနှစ်များစွာ တစ်ပြည်လုံး ယုံကြည်ခဲ့သည်။ အဲသည်လိုကနေ ဗြုန်းခနဲကားဈေးကွက်ပျက်သွားသည်။ တကယ်တော့ ကားဈေးကွက်ပျက်တာ မဟုတ်၊ လူတချို့၏ စုဆောင်းငွေများ ပျောက်ရှပြီး အရင်းပျောက်၊ ဘ၀ပျက်ကုန်တာဖြစ်သည်။ ငွေမည်းကြေညာသလို လူတန်းစားအားလုံး မထိခိုက်ပေမယ့် ပျောက်ဆုံးမျိုးသုဉ်းလု လူတန်းစား တကယ်မျိုးကန်းသွားခြင်း ဖြစ်ပါသည်။
လူများစု ကားပိုင်ရေးအတွက် စေတနာမှန်သော အစီအမံဖြစ်၍ ရှိစေတော့။ ယခုပြည်ပကနေ ကြားနေရသည်က လမ်းပိတ်တာကို ထောက်ပြပြီး ကားပါမစ်တွေ ထိန်းချုပ်ဖို့ တချို့က ကြိုးစားလာကြပြီ။ (လုံးဝ) မလုပ်သင့်ပါ။ လုပ်သည့်နေ့ ကားဈေးပြန်တက်ပါမည်။ ဒီတစ်ခါ တန်ဖိုးလျော့ ပစ္စည်းဆိုတာကို မေ့ပြီး လူတချို့ မရှိရှိတာ ဘေးချိတ်(ထုခွဲပြီး)ကားတွေ ဇွတ်ဝယ်ကြပါဦးမည်။ ရန်ကုန်ယာဉ်ကြောကို ထိန်းနိုင်သောနေ့ ပါမစ်ပြန်ဖွင့်သောနေ့မှာ လူတွေ ငွေကြေး ထပ်ဆုံးရှုံးပါလိမ့် မည်။ ၂၀၁၂ မှာစသော ထိုင်းက လူစီးကား (လုပ်ငန်းသုံးကားမပါ) ကားပေါ်လစီကို အကျဉ်းမျှ မိတ်ဆက်ပါရစေ။ မိသားစုတစ်စုအတွက် ပထမဆုံး ၀ယ်သောကားကို ဘတ်တစ်သိန်း လျှော့ပေးသည်။ (ဆိုလိုတာက မိသားစု သန်းခေါင်စာရင်းတစ်ခု ကားတစ်စီးပဲ ရှိရမည်) ကားဟောင်းရှိနေလျှင် လျှော့မပေး။ နှစ်စီးမြောက်ကား ၀ယ်ယူသည်ဟု သတ်မှတ်ပြီး အခွန်တိုးကောက်သည်။ ဒီအခွင့်အရေးသည် ခုမှ ကားပိုင်ဆိုင်ခွင့် ရလာသော အဆင်ပြေစ မိသားစုများအတွက် မင်္ဂလာအစီအမံ။ တကယ်လို့ ရှိတဲ့ကားအဟောင်းရောင်းပြီး မိသားစုထဲမှာ ကားတစ်စီးတည်းပဲ ၀ယ်စီးသုံးမယ်ဆိုသော မိသားစုများအတွက်ကျ ၀ယ်သော ကားတန်ဖိုး အမျိုးအစားအလိုက် ဈေးလျှော့ပေးမည်။ ဘာဖြစ်ဖြစ် ကားနှစ်စီး၊ သုံးစီးထားစီးရင်တော့ အပိုကားများအတွက် ဆောင်ပေတော့အခွန်။ သူများအိမ်ထောင်စုငှားပြီး ကားဝယ်လို့ စစ်ဆေးတွေ့ရှိပါက အခွန်ရှောင်မှုအဖြစ် ပြင်းထန်စွာ အရေးယူမည်။ တချို့တက္ကသိုလ်ကြီးတွေ၊ ဈေးဝယ်စင်တာတွေက (ဒီကားက ကျွန်တော်တို့မိသားစုရဲ့ တစ်စီးတည်းသော ကားပါ) လို့ အဓိပ္ပာယ်ရသော စတစ်ကာကပ်ထားသည့် ကားတွေကို ပါကင်ဦးစားပေးသည်။ လူတွေ၏ အတွေးအခေါ် Mind Set ကို ပြောင်းနိုင်ဖို့ ၀ိုင်းကူပေးတာမျိုးဖြစ်သည်။
လက်ရှိ ပြဿနာတက်နေသော ရန်ကုန်ဧရိယာတစ်ခုတည်းတင် တစ်အိမ်ထောင်လူစီးကား တစ်စီး (လုပ်ငန်းသုံးကားမပါ) ပေါ်လစီကို ကျင့်သုံးကြည့်ပါ။ VIP မပါကြေး၊ တင်းကျပ်စွာ ကိုင်တွယ်ကြည့်ပါ။ ပြိုင်ကားများ လိုက်ဖမ်းနေရသော ဒုက္ခ၊ ကားပါကင် ဖန်တီးနေရသော ဒုက္ခ၊ ကားလမ်းကျပ်မှုဒုက္ခများ သိသိသာသာ လျော့နည်းသွားပါလိမ့်မည်။ မဖြစ်မနေ
လိုအပ်သူများ တတ်နိုင်သူများက သတ်မှတ်အခွန်ကို ထမ်းပြီး နှစ်စီးမြောက်၊ သုံးစီးမြောက်ကားများ မှတ်ပုံတင်စီးပါလိမ့်မည်။ အခွန်လည်း တိုးရလာပါမည်။ နိဂုံးချုပ် P ကို ဆိုပါရစေ။ ကျွန်တော်တို့ မျိုးဆက်လိုက် ခက်ခက်ခဲခဲ ဆည်းပူးလာသော အတတ်ပညာများ၊ အတွေးအခေါ်များ၊ အစီအမံများ၊ ဥပဒေသများ၏ ဖြည့်ဆည်းအရောင်တင်မှု P (Polish) သည် လူနည်းစု
ပိုက်ဆံဝါလားများ၊ အာဏာရှင်များ၊ အခွင့်ထူးခံများအတွက် သီးသန့် အကျိုးမဆောင်ရာ။ ကျွန်တော်တို့ လူမျိုး၊ ပြည်သူအားလုံးနှင့် မွေးဖွားရာ (မြှုပ်နှံရာ) အမိနိုင်ငံအတွက်သာ ဖြစ်ရာသည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။ ။

0 comments:

Post a Comment