Pages

Ads 468x60px

Recent Articles

Site Links

Social

Menu :

Hot Topics

Monday, March 24, 2014

တောင်းရမ်းစားသောက်မှုများ ဆက်လက်တည်ရှိဆဲ



တောင်းရမ်းစားသောက်သူများရဲ့အပြုအမူများဟာ စာရိတ္တမဏ္ဍိုင် ပျက်ြပားစေခြင်း၊ မြို့အဂါင်္ရပ်ကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးများမှာ တောင်းရမ်း စားသောက်သူများ ပပျောက်ရေးကို သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီများကလည်းကောင်း၊ အခြားမြို့ကြီးတွေမှာ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့များကလည်းကောင်း၊ စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိနေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အခြေအနေမဲ့များနဲ့ မိဘမဲ့လေလွင့် ကလေးသူငယ်များ ပပျောက်ရေးအဖွဲ့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်က အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ အခြေအနေမဲ့ ကလေးသူငယ်များကို တွေ့ရှိပါက သက်ဆိုင်တဲ့ သင်တန်းကျောင်းများသို့ ပို့ဆောင် ထိန်းသိမ်း စောင့်ရှောက်ပေးနေတယ်။ ကိုယ်လက်အဂါင်္ မသန်စွမ်းသူများကို လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး စောင့်ရှောက် ကျွေးမွေးနေတယ်။ တောင်းရမ်း စားသောက်သူများကိုလည်း ဥပဒေအရ အရေးယူနေတယ်။ တောင်းရမ်းစားသောက်သူများ ပပျောက်စေရန်အတွက် ထိန်းသိမ်းရေးစခန်းများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး ထိန်းသိမ်း စောင့်ရှောက်ပေးခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ သင်ကြားပေးခြင်းစတဲ့ လုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီးဌာန၊သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်း၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့စတဲ့ အဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သြဂုတ်လ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်ရှုရပါတယ်။


မန္တလေးမြို့မှာ တောင်းရမ်းစားသောက်သူများ ပပျောက်ရေးကို ဆောင်ရွက်နေတဲ့အတွက် အရင်က တွေ့ကြုံရတဲ့ အနေအထားမျိုး နည်းပါးသွားပေမယ့် ရှိနေဆဲပါပဲ။ မြို့ခံ ယာဉ်ပိုင်ရှင်တစ်ဦးက “၇၈ လမ်းနဲ့ ၃၅ လမ်း လမ်းဆုံမှာ အများဆုံး ကြုံရတယ်။ မီးနီမိလို့ရပ်နေတုန်း ကားဘေးမှာ လာရပ်ပြီး မပေးမချင်း တောင်းနေတော့တာ။ မီးစိမ်းလို့ ကားထွက်တော့မယ် ဆိုရင်လည်း သူတို့ကို မပွတ်မိအောင် ဂရုစိုက်နေရတာကိုက အလုပ်တစ်လုပ်၊ မီးပွိုင့်မှာ ကား၊ ဆိုင်ကယ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ သူတို့က လူခွဲပြီးတော့ တောင်းကြတာ” လို့ ပြောပြခဲ့တယ်။ ဆိုင်ကယ်ပိုင်ရှင်တစ်ယောက်ကလည်း “၃၅ လမ်း ခုံးကျော်ပေါ်ကနေ ၇၈ လမ်းဘက်ကို အဆင်းဗျာ၊ ကိုယ်က ယာဉ်ကြော ရှုပ်လို့ ရှေ့ကို အာရုံစိုက်နေတုန်း ဆိုင်ကယ်ကို နောက်ကနေ ဆွဲထားပြီးတော့ တောင်းတယ်ဗျာ” လို့ပြောပြပါတယ်။ မြို့ခံတချို့ကတော့ တောင်းရမ်းနေသူတွေကို နောက်ကွယ်က ကြိုးကိုင်နေသူတွေကို သိချင်လို့ တောင်းရမ်းသူကို ကျပ်ငါးရာ ပေးလိုက်တယ်။ ဖိအားပေးထားတာကြောင့် တောင်းရမ်းသူက တန်ဖိုးများတာကို ရရင် ကြိုးကိုင်သူဆီကို ချက်ချင်းပြေးပေးတော့ ၇၈ လမ်းမှာ အခန့်သားထိုင်စောင့်နေတဲ့သူကို လက်ပူးလက်ကြပ် တွေ့ရပါရော။ ဒါက နေ့ခင်းပိုင်းမှာပါ။

ညပိုင်းမှာတော့ ၁၀ နာရီကျော်ကျော်မှာ တောင်းရမ်းသူတွေကို ရုပ်ဆိုးဆိုးလူ ဆိုင်ကယ်နဲ့ လာပြီးတော့ ကြိုတယ်။ နောက်ကနေ လိုက်ကြည့်တော့ မြို့သစ် အစွန်အဖျားကပါ။ တချို့ကတော့ စက်ဘီးနဲ့ လာကြိုတယ်။ မန္တလေးမြို့ အနောက်ဖျား၊ ဧရာဝတီမြစ်ဘေးက တာရိုးအနီးမှာ ကျူးကျော်တဲငယ်နဲ့ နေတယ်လို့ ကြားရပါရဲ့။ တောင်းရမ်းသူတွေကို သက်ဆိုင်ရာက စီမံချက်နဲ့ အရေးယူနေတဲ့အခါ လမ်းဆုံမှာ အရေအတွက်လျှော့ပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေဘက် ရွှေ့ပြောင်း စတေး ရှောင်ကြတယ်။ လက်ဖက်ရည် ဆိုင်ရှင်တစ်ဦး ပြောပြတာက တောင်းရမ်းသူတစ်ဦးဟာ တစ်နေ့ကို ကျပ် ၄၀၀၀ မရရင် ညှဉ်းပန်းခံရပါတယ်တဲ့။ တောင်းရမ်းသူ တစ်ဦးရဲ့တစ်ရက်တာ ရငွေနဲ့ ပတ်သက်လို့ မန္တလေး ဆေးရုံကြီးဝန်းကျင်မှာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ကြားခဲ့ဖူးတယ်။ အိမ်မီးလောင်တဲ့ ဖြစ်စဉ်မှာ မိခင်နဲ့ ညီက တိမ်းပါး၊ ဖခင်က အရေးယူခံရ၊ ကလေးငယ်က မီးလောင်ဒဏ်ရာကို ဆေးရုံမှာ ကုသမှုခံယူရတယ်။ ဆေးရုံက ဆင်းလာတော့ သူ့မှာ ပြန်စရာ အိမ်ကမရှိ။ ဆွေမျိုးရင်းချာလည်း မရှိတော့ လမ်း ၃၀ ၀န်းကျင်မှာပဲ ချာလည်ချာလည်ပေါ့။ သူ့ရဲ့ဦးခေါင်းက မီးလောင်ဒဏ်ရာက ကုသလို့ ပျောက်ကင်းသွားပေမယ့် ဆံပင်မပေါက်တော့ဘဲ အရေပြားတင်းတင်း ပြောင်ပြောင်ကြီးပဲ ကျန်နေတယ်။ ကြင်နာ သနားတတ်သူများက သူ့ကို ပေးကမ်းကြလို့ တစ်နေ့ကို ကျပ်တစ်သောင်းခွဲလောက် အနည်းဆုံးရတယ်။ ဒါပေမယ့် သူက ထမင်းပဲစားရတယ်။ ညနက်ရင် အမူးသမားတွေက သူ့ဆီကနေ လုကြလို့ ငိုရှိုက်ရင်း ညတွေကို ဖြတ်ကျော်ခဲ့ရပါသတဲ့။

သက်ဆိုင်ရာက စီမံချက်နဲ့ အရေးယူနေလို့ တောင်းရမ်းသူတွေက ပရိယာယ်တစ်မျိုး ဆင်လာတယ်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေကို ၀င်ပြီးတော့ ဆေးမြစ်စုံ ရောင်းပါသတဲ့။ အမျိုးအစား မမှန်တဲ့ ပစ္စည်းတွေကို မတန်တဲ့ဈေးနဲ့ ၀ယ်လိုက ၀ယ်၊ မ၀ယ်ရင်တော့ မုန့်ဖိုးလေး ပေးပါဦးပေါ့။ တချို့ကတော့ ရာသီပေါ် ပန်းကုံးတွေ လိုက်ရောင်းတယ်။ မ၀ယ်လို့ ကျန်နေရင် ဆိုင်အပြင်ဘက်ကနေ မျက်နှာငယ်လေးနဲ့ ရပ်နေရှာရဲ့။ ပန်းတွေ မကုန်မချင်း အိမ် မပြန်ရဲပါဘူးတဲ့။ မိုးရွာရင်လည်း မိုးစိုတဲ့အတိုင်း ရပ်လို့။

တောင်းရမ်းသူများ ပပျောက်ဖို့ဆိုရင် ထိန်းသိမ်း စောင့်ရှောက်မှုအပြင် နောက်ကွယ်ကနေ ကြိုးကိုင် စေခိုင်းနေသူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူရမှာပါ။ ကြိုးကိုင်သူတွေက မြန်မာတို့ရဲ့ ကြင်နာသနား ကူညီတတ်တဲ့ ကရုဏာ စိတ်ရင်းကို ပျော့ကွက်အနေနဲ့ အချောင်နှိုက်နေတယ်။ အများကလည်း မျက်မြင်အပေါ်ယံကိစ္စတွေကို ဘေးဖယ်ထားပြီး ကိုယ့်ရဲ့ သဒ္ဓါတရားဟာ ရေသာခို အချောင်သမားတွေအတွက် ပံ့ပိုးနေတာကို မြင်အောင် ကြညြ့်ကပါ။ အများက အသိစိတ်နဲ့ ပူးပေါင်းဆောင်ရွက် ကူညီမှုဟာ ဘာမှမသိ နားမလည်တဲ့ အသုံးချခံ ကလေးငယ်များရဲ့ အနာဂတ်၊ စာရိတ္တမဏ္ဍိုင်တို့ကို မြှင့်တင်ပေးရာ ရောက်ပါတယ်။

ပွဲမောင်
မန္တလေးအလင်း
စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၁ ခုနှစ်

0 comments:

Post a Comment