Pages

Wednesday, May 14, 2014

မော်တော်ကားတွေပြည့်နေတဲ့ ရွှေမော်ဓောစေတီရင်ပြင်




 ~
 
ဘုးရား ရင်ပြင်ပေါ်အထိ ကားမောင်းသွားလို့ရတာ   ပဲခူးမြို့  ရွှေမော်ဓောစေတီ ဖြစ်ပါတယ်။ 

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း မနေ့က ရွှေမော်ဓော စေတီကို ညောင်ရေသွန်းဖို့ သွားရောက်တဲ့ ခရီးစဉ်မှာ သူနဲ့ အရာရှိများရဲ့ မော်တော်ကားတွေ ရင်ပြင်ပေါ် ရပ်ထားတဲ့ ဓာတ်ပုံတွေက အွန်လိုင်းထဲ ချက်ချင်းဆိုသလို ရောက်ချလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူး ထွေအုပ်ရုံးကို ဖုန်းဆက် မေးကြည့်တော့ ...

ရင်ပြင်တော်အထိ ကားတက်လို့ ရတယ်၊ ၀န်ကြီးချုပ် လမ်းကြောင်း ရှိလို့ ကော်ဇောအနီပါ ခင်းထားပေးတာ လို့ ပဲခူးမြို့ ထွေအုပ် ဦးခင်သိန်းမောင်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ဒါဆို ဝန်ကြီးချုပ်ရဲ့ သတင်းက ဒီရက်ပိုင်း အများတကာ ဆွေးနွေး ပြောဆိုစရာ ဖြစ်လာပါလိမ့်မယ်။

ကားထဲကအထွက်  ရင်ပြင်ပေါ် ဖိနပ်စီးပြီး ရပ်နေကြတဲ့သူတချို့ရဲ့ ဓာတ်ပုံလည်း အွန်လိုင်းထဲ ရောက်လာပါတယ်။
ထူးခြားတဲ့ဓာတ်ပုံ အွန်လိုင်းထဲ ရောက်လာရင်တော့ အင်မတန် ပျံ့လွယ်ပါတယ်။

ဦးဥာဏ်ဝင်း (ယခင် နိုင်ငံခြားရေးဝန်ကြီး) ဘုရားပေါ် ရိုးရိုးတက်ရင် သတင်းထဲ ပါမယ် မဟုတ်ပါဘူး။
ဆန်းဆန်း တက်တဲ့အတွက် သတင်းထဲ ပါလာပါပြီ။

အစိုးရမင်း ခပ်ကြီးကြီးတွေ   ထူးထူးဆန်းဆန်းလုပ်ရင် လူပြောများပါတယ်။

နယ်လှည့်ပါးရိုက်ခဲ့ကြောင်း ဖြောင့်ချက်ပေးသူတဦးလည်း မကြာသေးခင်က ပေါ်ထွက်လာပါတယ်။
သူ့ကို ဘယ်သူကမှ ရာထူး မဖြုတ်ပါဘူး။ ပါးရိုက်ခံရမှာကြောက်လို့ဖြစ်ပါလိမ့်မယ်။

တခြားတခြားသော ကြီးကြီးမားမားတချို့လည်း ပေါက်ကရမျိုးစုံပြောလို့ သတင်းထဲ ပါလာလို့ ဆူညံခဲ့ပြီးပါပြီ။ အဲဒီထဲက အများအပြားအကြောင်း ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြခဲ့ပြီးပါပြီ။

နောင်လည်း ဆက်လက်ပြီး ထူးထူးခြားခြား ပြောပြ ဆောင်ရွက်ပြတာတွေ ပေါ်ပေါက်လာမယ်လို့ ယူဆရပါတယ်။
 


ဧရာဝတီ

No comments:

Post a Comment